Skip to main content

ပြည်ပ ပညာသင်နိုင်ငံ့ဝန်ထမ်းများ အတွေ့အကြုံရှင်းလင်းဆွေးနွေးပွဲကျင်းပ

နေပြည်တော် မေ ၂၅

နိုင်ငံ့ဝန်ထမ်းများကို အရည်အချင်းပြည့်ဝပြီး ဘာသာရပ်အလိုက် ကျွမ်းကျင်သည့်ဝန်ထမ်းကောင်းများ ဖြစ်စေရန်အတွက် ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးမှ နိုင်ငံ့ဝန်ထမ်းများကို ပြည်ပနိုင်ငံများရှိ တက္ကသိုလ်များ၌ ဘွဲ့လွန်ပညာရပ်များသင်ကြားနိုင်ရန် စိစစ်ရွေးချယ်စေလွှတ် တက်ရောက်စေလျက်ရှိသည်။

ထိုသို့ ပြည်ပနိုင်ငံများသို့ ပညာသင်သွားရောက်ခဲ့ကြပြီး ပြန်လည်ရောက်ရှိလာသော ဝန်ထမ်းများအနေဖြင့် ၎င်းတို့၏ အတွေ့အကြုံများကိုမျှဝေရန် ပညာသင်အတွေ့အကြုံ ရှင်းလင်းဆွေးနွေးပွဲ တတိယပတ်အစီအစဉ် ကို နံနက်ပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမ၌ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်မှချမှတ်ထားသည့် နိုင်ငံခြားရေးမူဝါဒနှင့်အညီ နိုင်ငံ့အကျိုးသယ်ပိုးရာတွင် သံတမန်များသည် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သည့်သံတမန်များအဖြစ် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန်၊ နိုင်ငံ့အကျိုးကို သယ်ပိုးနိုင်မည့် သားကောင်း တမန်များဖြစ်လာစေရန် ရည်ရွယ်ပြီး ပညာသင်များကို စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိ နိုင်ငံတကာအခြေအနေများအရ အင်အားကြီးနိုင်ငံများ၏ အားပြိုင်မှုများအကြား မိမိတို့နိုင်ငံ၏ အမျိုးသားရေး အကျိုးစီးပွားနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ကာကွယ်စောင့်ရှောက်ရာတွင်လည်းကောင်း၊ နိုင်ငံခြားရေးမူဝါဒကို အကောင်အထည်ဖော်ရာတွင်လည်းကောင်း၊ ဝန်ထမ်းများရရှိလာသည့် အတွေ့အကြုံနှင့် ကျွမ်းကျင်မှုများကိုအခြေခံ၍ နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ ပြည်ပရှိ မြန်မာသံရုံးများသို့ သွားရောက်တာဝန်ထမ်း ဆောင်ရသည့်အခါတွင်လည်း နိုင်ငံ့ဝန်ထမ်း စည်းမျဉ်းစည်းကမ်း၊ ကျင့်ဝတ်များနှင့်အညီ တာဝန်ကျေပွန်အောင် ထမ်းဆောင်သွားကြရန်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနသည် ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ်များ မြှင့်တင်ရေးကို ဆောင်ရွက်ပေးနေသကဲ့သို့ ဝန်ထမ်းများဘက်မှလည်း နိုင်ငံ့အကျိုးပြုနိုင်စေရေး ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ယခုကဲ့သို့ နိုင်ငံတကာမှရရှိသော မဟာဘွဲ့များကို အောင်မြင်ပြီးမြောက်အောင် တက်ရောက်ခဲ့ကြသည့် ဝန်ထမ်းများကို ဂုဏ်ပြုပါကြောင်း ပြောကြားသည်။

ယင်းနောက် ဗြိတိန်နိုင်ငံ ရှက်ဖီးတက္ကသိုလ် (The Univer-sity of Sheffield) နှင့် ဂျပန်နိုင်ငံ ရစ်ဆုမိကန်တက္ကသိုလ် (Ritsu- meikan University)တို့မှ မဟာဘွဲ့များရယူခဲ့သည့် အရာထမ်းများက ၎င်းတို့၏ ပညာသင်လျှောက်ထားမှုအတွေ့အကြုံများ၊ စိန်ခေါ်မှုများနှင့် ပြုစုခဲ့သည့် စာတမ်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းသည်။

ယင်းသို့ ပညာသင်များ၏ အတွေ့အကြုံများ ရှင်းလင်းဆွေးနွေးပွဲများ ကျင်းပခြင်းဖြင့် ဝန်ထမ်းငယ်များ၏ အနာဂတ်အတွက် တစ်ဆင့်မြင့်ပညာရပ်များအား သင်ကြားလိုသည့် တွန်းအားများရရှိခြင်း၊ မိမိတို့ စိတ်ဝင်စားရာ ဘာသာရပ်များအား ပိုမိုထဲထဲဝင်ဝင်လေ့လာလိုစိတ်များ ဖြစ်ပေါ်လာစေခြင်းတို့ကြောင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ပြီး ဝန်ထမ်းများကိုယ်တိုင်အတွက် သာမကဝန်ကြီးဌာနနှင့် နိုင်ငံတော်အတွက် များစွာအကျိုးရှိစေသည်။

သတင်းစဉ်