Skip to main content

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် မြန်မာရွှေ့ပြောင်းကျောင်းများမှ တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ရောက်ဖြေဆိုကြသည့် ကျောင်းသား/ကျောင်းသူများအား တွေ့ဆုံအားပေး

 

မြဝတီ မတ် ၁၇

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကရင်ပြည်နယ်အတွင်း စာစစ်ဌာန ၅၀ ဖြင့် ကျင်းပ လျက်ရှိရာ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းက မြဝတီမြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြသည့် မြန်မာရွှေ့ပြောင်းကျောင်းများမှ ကျောင်း သား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး သွားရောက်တွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့သည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်သည် ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးမင်းကိုခိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် မြဝတီမြို့နယ်၊ အ.လ.က (၂) မြဝတီကျောင်းတွင် တည်းခိုနေထိုင်သော လေးကစ်ကော်မြန်မာ ရွှေ့ပြောင်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများအား သွားရောက်တွေ့ဆုံ၍ အားပေးစကားပြောကြားကာ အဟာရဖြည့်စွက်အစားအစာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အ.လ.က(၄)မြဝတီတွင် တည်းခို နေထိုင်ပြီး တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသည့် သွေးသစ်မြန်မာ ရွှေ့ပြောင်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း၊ မဟာစည် ဘုန်းတော်ကြီး ကျောင်းတွင် တည်းခို နေထိုင်သည့် ဆာသူးလေ မြန်မာရွှေ့ပြောင်းကျောင်းမှ ကျောင်းသား၊  ကျောင်းသူ၊ ဆရာ၊ ဆရာမများ ကိုလည်း ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးခဲ့ကြောင်းသိရသည်။

မြဝတီမြို့နယ်၌ ယခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲကို စာစစ်ဌာန ၄ ခုဖြင့် ကျင်းပလျက်ရှိပြီး မြန်မာရွှေ့ပြောင်းကျောင်း လေးကစ်ကော်၊ ဆာသူးလေ၊ သွေးသစ်နှင့် saw ကျောင်းတို့မှ ကျောင်းသား၊ကျောင်းသူ ၁၅၀ ခန့်  တက္ကသိုလ်ဝင် စာမေးပွဲကို ဝင်ရောက် ဖြေဆိုလျက်ရှိကြောင်း၊  ရပ်ဝေးကျောင်းများမှ လာရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများအား နေရာ ၈ ခုတွင် တည်းခိုနေထိုင်စေလျက် ကရင်ပြည်နယ် အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)