Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အဖွဲ့ တိပိဋကဓရ တိပိဋကကောဝိဒ စာအောင် သာသနာ့အာဇာနည် အရှင်သူမြတ်တို့အား အောင်လက်မှတ်နှင့် ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း

ရန်ကုန် မေ ၂၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူးကျင်းပသော (၇၄)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် အရှင်သူမြတ် အပါး ၂၀ တို့အား ချီးကျူးပူဇော်ပွဲနှင့် အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သိရိမင်္ဂလာကမ္ဘာအေး ကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။

ကြွရောက်တော်မူ

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသ အမှူးပြုသော ဆရာတော်ကြီးများ၊ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးအဖွဲ့၏ သြဝါဒါစရိယ ဆရာတော်ကြီးများ၊ တိပိဋကဓမ္မဘဏ္ဍာဂါရိက ဆရာတော်ကြီးများ၊ တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော်များ၊ စာထောက်စာမဆရာတော်များ၊ တိပိဋကပုစ္ဆက ဆရာတော်များ၊ ကြီးကြပ်ရေးဆရာတော်များ၊ (၇၄)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် သဘောရေးဖြေ အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါက်တာဗညားအောင်မိုး၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက် ကြည်ညိုကြသည်။

ငါးပါးသီလ ခံယူဆောက်တည်

ရှေးဦးစွာ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ သြဝါဒါစရိယအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ မိုးကောင်းကျောင်းတိုက် ပဓာနနာယက အဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘဒ္ဒန္တသုဓမ္မာစာရာဘိဝံသ မဟာထေရ်မြတ်ကြီးထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အမှူးပြုသော ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ထို့နောက် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသက သာရဏီယဩဝါဒကထာကို ဖတ်ကြားချီးမြှင့်တော်မူသည်။

ယင်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။

ထို့နောက် (၇၄)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် အရှင်မြတ်များအား ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်များ ဆက်ကပ်ကြရာ ပိဋကတ်နှစ်ပုံခွဲ သဘောရေးဖြေ အောင်မြင်တော်မူသည့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် တိပိဋကမဟာဂန္ထဝင် နိကာယ်ကျောင်းတိုက်မှ အရှင်မာနိတအား မူလအဘိဓမ္မကောဝိဒ ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက လည်းကောင်း၊ ပိဋကတ်နှစ်ပုံ သဘောရေးဖြေအောင် ဒီဃနိကာယကောဝိဒ ဘွဲ့တံဆိပ်တော်ရ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် တိပိဋက မဟာဂန္ထဝင် နိကာယ်ကျောင်းတိုက်မှ အရှင်အာစာရာ လင်္ကာရအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဗညားအောင်မိုးက ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်ကို လည်းကောင်း ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် ပိဋကတ်တစ်ပုံ သဘောရေးဖြေ အောင်မြင်တော်မူသဖြင့် ဝိနယ ကောဝိဒ ဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည် အရှင်မြတ် ခုနစ်ပါး၊ ဝိနည်း ပထမပိုင်း သဘောရေးဖြေအောင် ဥဘတောဝိဘင်္ဂကောဝိဒ ဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည် အရှင်မြတ် ၁၁ ပါး တို့ကို ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဦးကိုကို၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့်တာဝန်ရှိသူများက ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်များကို ဆက်ကပ်လှူဒါန်းကြသည်။

ရေစက်သွန်းလောင်း အမျှပေးဝေ

ယင်းနောက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ သီဟိုဠ် ပရိယတ္တိစာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တစန္ဒန သာရမဟာထေရ်မြတ်ထံမှ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဧည့်ပရိသတ်များက အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြကာ စာအောင်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ယခု ကျင်းပပြီးစီးခဲ့သည့် (၇၄)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲအထိ ၇၄ နှစ်တာကာလအတွင်း တိပိဋကဓရ တိပိဋက ကောဝိဒ ဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည် အရှင်သူမြတ် ၁၅ ပါး၊ တိပိဋကဓရ ပိဋကတ်သုံးပုံ အာဂုံဆောင် သာသနာ့အာဇာနည် အရှင်သူမြတ် ခြောက်ပါး ပေါ်ထွန်းခဲ့ပြီး သာသနာ့အကျိုးကို ဆက်လက်သယ်ပိုး ဆောင်ရွက်တော်မူလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်