Skip to main content

သန့်ရှင်းသာယာသောမြို့၊ ရွာများဖြစ်စေရေး ဒေသခံပြည်သူများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် စည်ပင်သာယာရေးအဖွဲ့များက အားတက်သရောဆောင်ရွက်

နေပြည်တော် မေ ၂၁

မိမိတို့၏ နေ့စဉ်လူမှုဘဝ နေထိုင်ဖြတ်သန်းရာတွင် ကျန်းမာရွှင်လန်းသောလူမှုပတ်ဝန်းကျင်ကို ပိုင်ဆိုင်နိုင်ရေးအတွက်ကိုယ် စိတ်နှလုံးချမ်းမြေ့ဖွယ်ရာမျက်စိပသာဒဖြစ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် ပတ်ဝန်းကျင်တစ်ခုရှိရန် အလွန်လိုအပ်အရေးကြီးလှပါသည်။ မိမိတို့တစ်ဦးချင်းနေထိုင်ကြသည့် ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်နေမှသာလျှင် သန့်ရှင်းသာယာလှပသောမြို့၊ ရွာ Clean city ၊ Clean Village များဖြစ်လာမည်ဖြစ်ပြီး ကျန်းမာရေးနှင့်ညီညွတ်မျှတမည်ဖြစ်သည့် အတွက်မိမိဒေသ၊ မိမိမြို့ရွာသန့်ရှင်းသာယာရေးကိုဒေသခံများ၊ ဒေသတွင်တာဝန်ထမ်းဆောင်နေကြသည့်အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် စည်ပင်သာယာရေးတာဝန်ရှိသူများက မဖြစ်မနေဆောင်ရွက်ကြရမည်ဖြစ်သည်။

ယခုအချိန်အခါတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ဦးဆောင်မှုနှင့်အတူ နိုင်ငံတစ်ဝန်းလုံး၌အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများအားလုံးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်လျက်ရှိပြီး အပတ်စဉ်စနေနေ့တိုင်းတွင်လည်း မိမိတို့၏မြို့၊ ရွာဒေသများ သန့်ရှင်းသာယာလှပရေးကို အားတက်သရောဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေဇေယျာသီရိမြို့နယ်အပါအဝင် မြို့နယ်ခုနစ်မြို့နယ်တို့၌လည်း ကောင်း၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်ငါးမြို့နယ်တို့၌လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့အပါအဝင် မြို့နယ်ခုနစ်မြို့နယ်တို့၌လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ်အပါအဝင် မြို့နယ် ၁၃ မြို့နယ်တို့၌လည်းကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်အပါအဝင် မြို့နယ်ကိုးမြို့နယ်တို့၌လည်းကောင်း၊ မွန်ပြည်နယ် မုဒုံမြို့နယ်အပါအဝင် မြို့နယ်သုံးမြို့နယ်တို့၌လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့အပါအဝင် မြို့နယ် ၁၀ မြို့နယ် တို့၌လည်း ကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင်ရှိ မြို့နယ် ၁၄ မြို့နယ်၊ အနောက်ပိုင်းခရိုင်ရှိ မြို့နယ် ၁၂ မြို့နယ်၊ တောင်ပိုင်းခရိုင်ရှိ မြို့နယ်၁၀မြို့နယ်၊ မြောက်ပိုင်း ခရိုင်ရှိမြို့နယ်ကိုးမြို့နယ်တို့၌လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၃ မြို့နယ်တို့၌လည်းကောင်း၊ ရခိုင်ပြည်နယ် စစ်တွေမြို့အပါအဝင် မြို့နယ် ၁၇ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့တို့၌လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ ဟုမ္မလင်းမြို့၊ ခန္တီးမြို့နှင့် ကလေးမြို့၊ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နှင့် ချင်းပြည်နယ် ဟားခါးမြို့တို့၌လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့၌လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၈ မြို့နယ်နှင့် ကရင်ပြည်နယ် သံတောင်ကြီးမြို့တို့၌လည်းကောင်း ဌာနဆိုင်ရာအဆောက်အဦများ၊ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ၊ ဆေးရုံများ၊ ဈေးများ၊ ပန်းခြံများနှင့်လမ်း၊ တံတားများ၌ ဒေသခံပြည်သူများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ချုံနွယ်ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းနှင့် ရေစီးရေလာကောင်းမွန်စေရေးရေနုတ်မြောင်းများ တူးဖော်ပေးခြင်းတို့ကို ဆောင်ရွက်ပေးကြသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ်များမှဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှတိုင်းမှူးများနှင့် တာဝန်ရှိသူများကလိုက်လံကြည့်ရှုအားပေးပြီးလိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်