နေပြည်တော် မေ ၂၁
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေးဘာသာမရွေး အသက် ၄၀ အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက် ၁၂ နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ဒေသခံပြည်သူ ၁၂၁၃၃ ဦး၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ် ၁၂ မြို့နယ်တို့၌ ဒေသခံပြည်သူ ၅၈၀၉ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်၌ ဒေသခံပြည်သူ ၁၇၇ ဦးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ခုနစ်ခုမှဒေသခံပြည်သူ ၁၉၇၇၇ ဦးတို့ကို တပ်မတော်မှဆေးအဖွဲ့များကပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့်ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး သည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များမှတာဝန်ရှိသူများကသွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်