Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးကိုကို အနဂ္ဃရတနာမြေ - မြောက်ဦး တတိယအကြိမ်မြောက် ဓာတ်ပုံပြပွဲဖွင့်ပွဲတက်ရောက်

နေပြည်တော် မေ

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုသည် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယနေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့ ကြီးမှူးကျင်းပသည့် အနဂ္ဃရတနာမြေ -မြောက်ဦး တတိယအကြိမ် ဓာတ်ပုံပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ဖွင့်လှစ်ပေးသည်။

ဓာတ်ပုံပြပွဲဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးဦးကိုကိုက ယဉ်ကျေးမှုနှင့် သဘာဝ အမွေအနှစ်များ ထိန်းသိမ်းကာကွယ်ခြင်းဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက် - ၁၉၇၂ အရ လက်မှတ်ရေးထိုးထားသော အဖွဲ့ဝင်နိုင်ငံပေါင်း (၁၉၃) နိုင်ငံရှိပြီး ယနေ့အထိ ကမ္ဘာ့အမွေအနှစ် စုစုပေါင်း ၁၁၅၄ ခု ရရှိပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမှ ကမ္ဘာ့အမွေအနှစ် (ပျူမြို့ဟောင်းများ၊ ပုဂံဒေသ) ၂ ခု ရရှိထားပါကြောင်း၊ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဖြစ်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မြောက်ဦးယဉ်ကျေးမှုဒေသသည် ရခိုင် တစ်မျိုးသားလုံး၏ တန်ဖိုးထားရာ၊ ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာဖြစ်ပြီး ရခိုင် လူမှုအဖွဲ့အစည်း တစ်ရပ်လုံး၏ ဘိုးဘွားစဉ်ဆက် လက်ဆင့်ကမ်းခဲ့ကြသည့် လူမှုစီးပွားဘဝ၊ ယဉ်ကျေးမှု၊ ဘာသာရေး၊ နိုင်ငံရေး၊ အနုပညာဆိုင်ရာ အားမာန်နှင့် မျိုးချစ်စိတ်ဓာတ်တို့ကို ထင်ဟပ်ဖော်ပြနေသည့် ယဉ်ကျေးမှုအမွေ အနှစ်ဒေသတစ်ခုဖြစ်ပါ ကြောင်း၊ မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေးအတွက် မိမိတို့ဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဒေသခံပြည်သူများ အားလုံးဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ပေးကြ ပါရန် ပြောကြားသည်။

ဆက်လက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက အမှာစကား ပြောကြားသည်။

ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်တို့ကို ဓာတ်ပုံပညာရှင်များအဖွဲ့က အမှတ်တရဓာတ်ပုံလက်ဆောင်များ ပေးအပ် သည်။ ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ရခိုင်ပြည်နယ်၊ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အနဂ္ဃရတနာမြေ - မြောက်ဦး တတိယအကြိမ် ဓာတ်ပုံပြပွဲတွင် ပြသထားသော ဓာတ်ပုံများကို လှည့်လည်ကြည့်ရှုကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ရခိုင်ပြည်နယ်၊ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တွေ့ဆုံကာ အဆိုပြုစာတွဲများ တင်သွင်းစဉ်က ‌ရေးဆွဲထားသည့် Guideline များအကြောင်း၊ ဝန်ကြီးဌာနမှ ဆက်လက်‌ ဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းများ၊ ICOMOS မှ ကျွမ်းကျင်ပညာရှင် လာရောက်ဆန်းစစ်မည့် အခြေအနေ၊ ကျွမ်းကျင်ပညာရှင် မလာရောက်မီ ပေါင်းစပ်ညှိနှိုင်းစီမံခန့်ခွဲမှုအစီအစဉ် (IPA)ပါ လုပ်ငန်းစဉ် များတွင် ဆက်စပ်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ အမွေအနှစ်ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ NGOs အဖွဲ့များက ပူးပေါင်း ဆောင်ရွက်မှုအခြေအနေ၊ အဆိုပြုစာတွဲ (အပြည့်အစုံ) Volume III ပါ ဒေသဆိုင်ရာစီမံကိန်း (Regional Plan) အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အခြေအနေများကို ဆွေးနွေးကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကိုဖီအာနမ်အစီရင်ခံစာပါ ဦးရဲကျော်သူ ဘုန်းတော်ကြီးကျောင်း အဆောက်အအုံပြုပြင်ခြင်းလုပ်ငန်း၊ ဆရီဆရီမိုဟာဒေဗ့်ဘာရီ (မဟာသီဝ) ဟိန္ဒူဘုရားကျောင်း နှင့်စိန့်မတ်(ခ်)အင်္ဂလီကန် ခရစ်ယာန်ဘုရားကျောင်း ပြုပြင် မွမ်းမံခြင်း လုပ်ငန်းများကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ ထို့နောက် စစ်တွေမြို့၊ ယဉ်ကျေးမှု ပြတိုက်သို့ သွားရောက်လှည့်လည်ကြည့်ရှု စစ်ဆေးကာ ဌာနဝန်ထမ်းများနှင့် တွေ့ဆုံပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)