Skip to main content

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်နှင့် သမဝါယမကောလိပ်တို့မှ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိ

နေပြည်တော် မေ ၁၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ရှိ သမဝါယမနှင့်စီမံခန့်ခွဲမှု ပညာတက္ကသိုလ်၊ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ သမဝါယမကောလိပ်နှင့် အမရပူရမြို့နယ်ရှိ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာ သိပ္ပံတို့မှ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုကို အားပေးကြည့်ရှုပြီး ကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်သည်။

မျိုးဆက်သစ်လူငယ်များ မွေးထုတ်

ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့သည် စစ်ကိုင်းမြို့ သမဝါယမနှင့် စီမံခန့်ခွဲမှု ပညာတက္ကသိုလ်သို့ရောက်ရှိပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။ တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်များအပေါ်တွင် မူတည်နေပြီး ထိုလူငယ်များ၏ ပညာရည်ဖွံ့ဖြိုးတိုးတက်မှသာနိုင်ငံလည်း ဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနရှိ တက္ကသိုလ်များ၊ ကောလိပ်များ၊ သင်တန်းကျောင်းများ၊ ပုဂံယွန်းပညာကောလိပ်တို့မှ နိုင်ငံအတွက်အကျိုးပြုမည့် အသိပညာရှင်၊ အတတ်ပညာရှင် အနာဂတ်မျိုးဆက်သစ်လူငယ်များ မွေးထုတ်ပေးရမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်များ၊ ကောလိပ်များအနေဖြင့် အစဉ်အလာကောင်းများရှိခဲ့ပြီး ကောင်းမွန်သော ရည်ရွယ်ချက်၊ ရည်မှန်းချက်များဖြင့် သင်ကြားပို့ချပေးနေပါကြောင်း၊ သမဝါယမစနစ်နှင့် သမဝါယမကျောင်းများ ပိုမိုအောင်မြင်ဖြစ်ထွန်းရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်မှ စဉ်ဆက်မပြတ် ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းလိုအပ်ချက် များရှိပါကလည်း တင်ပြပေးရန် ပြောကြားပြီးဝန်ထမ်းတစ်ဦးလျှင် ငွေကျပ် ၁၀,၀၀၀ နှုန်းဖြင့်ဝန်ထမ်း ၂၈၁ ဦးအတွက် ငွေကျပ် ၂,၈၁၀,၀၀၀ ကို ပါမောက္ခချုပ်ထံ ပေးအပ်သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်ရှိ e-Library နှင့် စာသင်ဆောင်များ၊ ToT သင်တန်းများ ပို့ချနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး စာသင်ခန်းများအား လှည့်လည်ကြည့်ရှုအားပေးသည်။

ဆောလျင်စွာ ဖွဲ့စည်း

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၏ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံသို့ ရောက်ရှိပြီး ဒုတိယဝန်ကြီးက ရက်ကန်းလုပ်ငန်းများပိုမို အောင်မြင်နိုင်ရေးအတွက် သမဝါယမစနစ်ဖြင့် ရက်ကန်းလုပ်ငန်းရှင်များအသင်း ဆောလျင်စွာ ဖွဲ့စည်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပြင်ဆင်ထိန်းသိမ်းရန် လိုအပ်သည်များအတွက် တင်ပြပေးစေလိုကြောင်းမှာကြားပြီး ရက်ကန်းကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ သမဝါယမကောလိပ်သို့ ရောက်ရှိပြီး ကျောင်းအုပ်ဆရာမကြီး၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ဖြည့်ဆည်းဆောင်ရွက်

ယင်းနောက် ဝန်ထမ်းတစ်ဦးလျှင် ငွေကျပ် ၁၀,၀၀၀ နှုန်းဖြင့် ဝန်ထမ်း ၅၀ အတွက် ငွေကျပ် ၅၀၀,၀၀၀ ကို ကျောင်းအုပ်ကြီးထံ ထောက်ပံ့ပေးအပ်ကာ ကောလိပ်အတွင်း သင်ကြားပို့ချနေမှုများ၊ စာသင်ဆောင်များ၊ စာကြည့်တိုက်၊ စားရိပ်သာနှင့်အိပ်ဆောင်များကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ လုပ်ငန်းလိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်