Skip to main content

နိုင်ငံခြားရေးဝန်ကြီးဌာန ဌာနခွဲစာရေးများ အင်္ဂလိပ်စာနှင့် နိုင်ငံခြားရေးရာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၄/၂၀၂၂) ဖွင့်လှစ်

နေပြည်တော် မေ ၁၆

နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ကြီးမှူး၍ ပြည်ပရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများတွင် ပထမအကြိမ်အဖြစ် သွားရောက်တာဝန်ထမ်းဆောင်မည့် ဌာနခွဲစာရေးများ အင်္ဂလိပ်စာနှင့်နိုင်ငံခြားရေးရာ ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၄/၂၀၂၂) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် တက်ရောက်အမှာစကားပြောကြားပြီး အခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများတက်ရောက်ကြသည်။

ရက်သတ္တရှစ်ပတ်ကြာဖွင့်

အဆိုပါသင်တန်းကို နေပြည်တော်၌ မေ ၁၆ ရက်မှ ဇွန် ၂၄ ရက်အထိလည်းကောင်း၊ ရန်ကုန်မြို့၌ ဇွန် ၂၇ရက်မှ ဇူလိုင် ၈ ရက်အထိလည်းကောင်း စုစုပေါင်း ရက်သတ္တရှစ်ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး နိုင်ငံ၏မူဝါဒများ၊ နိုင်ငံခြားရေးရာကိစ္စရပ်များ အပြင်ဗဟုသုတများကို သိရှိနားလည်နိုင်စေရန်နှင့် အင်္ဂလိပ်စာအရည်အသွေး ပိုမိုတိုးတက်စေရန် ရည်ရွယ်၍ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်သည်။

ပို့ချသွားမည်

သင်တန်းနည်းပြ ဆရာ၊ ဆရာမများအဖြစ် ဝါရင့်သံတမန်ကြီးများနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဦးစီးဌာနအသီးသီးမှအဆင့်မြင့်အရာရှိကြီးများ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ဒဂုံတက္ကသိုလ်(နိုင်ငံတကာဆက်ဆံရေးဌာန)၊ နိုင်ငံခြားဘာသာတက္ကသိုလ် (အင်္ဂလိပ်စာဌာန)တို့မှ တာဝန်ရှိသူများကိုဖိတ်ကြား၍ သင်ကြားပို့ချသွားမည်ဖြစ်ပြီးသင်တန်းသားဌာနခွဲစာရေး ၃၃ ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်