Skip to main content

နေပြည်တော် ပြည်ထောင်စုနယ်မြေ၌ ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိ

နေပြည်တော် မေ ၁၆

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန နေပြည်တော် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ကွပ်ကဲမှုအောက်ရှိ လယ်ဝေး၊ ပုဗ္ဗသီရိ၊ ပျဉ်းမနားမြို့နယ်နှင့် တပ်ကုန်းမြို့နယ် ဘဏ်ခွဲလေးခုမှ တောင်သူဦးကြီးများအား ၂၀၂၂ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့တွင် စတင်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

နိုင်ငံအတွင်း စားနပ်ရိက္ခာဖူလုံစေရေး၊ မြန်မာ့လယ်ယာထွက်ကုန်များကို နိုင်ငံတကာဈေးကွက်သို့ယှဉ်ပြိုင်တင်ပို့နိုင်ရေးနှင့် တောင်သူလယ်သမားများ၏ ဝင်ငွေနှင့် လူမှုစီးပွားဘဝတိုးတက်ရေးတို့ကို ရည်ရွယ်၍လယ်ယာ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေများကို အတိုးနှုန်းတစ်နှစ်လျှင် ၅ ရာခိုင်နှုန်းဖြင့် မိုးစပါးတစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀ နှုန်း၊ အခြားသီးနှံ တစ်ဧကလျှင် ငွေကျပ် ၁၀၀၀၀၀ နှုန်း ထုတ်ချေးပေးလျက်ရှိသည်။

၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေများကို လယ်ဝေးဘဏ်ခွဲအနေဖြင့် ကျေးရွာအုပ်စု တစ်အုပ်စု၊ တောင်သူ ၅၀၊ စပါး ၁၇၆ ဧကအတွက် ချေးငွေကျပ် ၂၆ ဒသမ ၄ သန်း၊ ပုဗ္ဗသီရိဘဏ်ခွဲအနေဖြင့် ကျေးရွာအုပ်စု တစ်အုပ်စု၊ တောင်သူ ၄၇ ဦး၊ စပါး ၁၆၅ ဧက၊ အခြားသီးနှံ ခုနစ်ဧကအတွက် ချေးငွေကျပ် ၂၅ ဒသမ ၄၅ သန်း၊ ပျဉ်းမနားမြို့နယ် ဘဏ်ခွဲအနေဖြင့် ကျေးရွာအုပ်စု တစ်အုပ်စု၊ တောင်သူ ၅၅ ဦး၊ စပါး ၁၆၃ ဧက၊ အခြားသီးနှံ ၃၂ ဧကအတွက် ချေးငွေကျပ် ၂၆ ဒသမ ၁၅ သန်းနှင့် တပ်ကုန်းမြို့နယ် ဘဏ်ခွဲအနေဖြင့် ကျေးရွာအုပ်စု တစ်အုပ်စု၊ တောင်သူ ၅၅ ဦး၊ စပါး ၁၉၁ ဧက၊ အခြားသီးနှံ ၁၀ ဧကအတွက် ချေးငွေကျပ်၂၉ ဒသမ ၆၅ သန်း စတင်ထုတ်ချေးပေးလျက်ရှိသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကွပ်ကဲမှုအောက်ရှိ ဘဏ်ခွဲလေးခုမှ နေပြည်တော်နယ်မြေအတွင်းရှိ တောင်သူများသို့ ချေးငွေများ စိုက်ပျိုးရာသီချိန်အမီရရှိရေး ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်