Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် မကွေးတိုင်းဒေသကြီး မကွေးမြို့နှင့် မန္တလေးတိုင်းဒေသကြီး ပုဂံညောင်ဦးရှိ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် မကွေးတိုင်းဒေသကြီး မကွေးမြို့နှင့် မန္တလေးတိုင်းဒေသကြီး ပုဂံညောင်ဦးရှိ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

နေပြည်တော် မေ ၁၆

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယမန်နေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ စီးပွားရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ မကွေးမြို့မြသလွန်စေတီတော်တွင် ဖွင့်လှစ်ထားရှိမည့် သတင်းပြန်ကြားရေးကောင်တာဖွင့်လှစ်ပွဲသို့ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မှန်ကန်သောသတင်းအချက်အလက်များကို ပေးအပ်နိုင်ရေးနှင့် ခရီးသွားလုပ်ငန်းစနစ်တကျ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သတင်းပြန်ကြားရေးကောင်တာများကို ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ သတင်းအချက်အလက်များကိုဖြန့်ချိရာ၌ ခရီးသွားမြှင့်တင်ရေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးရန်ဖြစ်သကဲ့သို့ ကွန်ပျူတာဖြင့် အချက်အလက်များကို စုစည်းသိမ်းဆည်းကာ ဖြန့်ဝေပေးရန်လိုအပ်ပါကြောင်း၊ သတင်းပြန်ကြားရေးကောင်တာများတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများသည် ခရီးစဉ်ဒေသများ၏ ဒေသန္တရဗဟုသုတများ ကြွယ်ဝရန်လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး မကွေးမြို့ ကောင်းကောင်းဟိုတယ်မှ ဒေါက်တာအေးအေးမော်က မသန်စွမ်းနှင့် သက်ကြီးရွယ်အိုများအတွက် Wheel Chair များကို ပေးအပ်လှူဒါန်းရာ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးက လက်ခံရယူကာ မကွေးတိုင်းဒေသကြီး စီးပွားရေးရာ ဝန်ကြီးက ဂုဏ်ပြုလက်မှတ်ပေးအပ်ချီးမြှင့်သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အတူ သတင်းပြန်ကြားရေးကောင်တာအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကွေးလေဆိပ်သို့ ရောက်ရှိပြီး မကွေးလေဆိပ်အတွင်း ပြည်တွင်း၊ ပြည်ပဧည့်သည်များ လာရောက်ရာတွင် သတင်းအချက်အလက်များ ပေးနိုင်ရေးအတွက် မကွေးလေဆိပ်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသော သတင်းပြန်ကြားရေးကောင်တာကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မကွေးမြို့ အဝေးပြေးယာဉ်ရပ်နားစခန်းသို့ ရောက်ရှိကာ ကားဝင်းအတွင်းတွင် ခရီးသွားဧည့်သည်များအတွက် သတင်းပြန်ကြားရေးကောင်တာ ဖွင့်လှစ် နိုင်ရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့အစည်းအဝေးခန်းမ၌ မကွေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး၊ မကွေးတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းကော်မတီမှ တာဝန်ရှိသူများ၊ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များနှင့် ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးသည် အမျိုးသားအဆင့် ကျန်းမာရေးနှင့်ဘေးအန္တရာယ်ကင်းရှင်းရေး အသိအမှတ်ပြုလက်မှတ်ရ ဟိုတယ် (၃) လုံးကို အသိအမှတ်ပြု လက်မှတ်များ ပေးအပ်ချီးမြှင့်သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မကွေးမြို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန သင်တန်းခန်းမ၌ လူမှုဝန်ထမ်းဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော မသန်စွမ်းသူများအလုပ်အကိုင် အခွင့်အလမ်းရရှိရေး ကျွမ်းကျင်မှုဆိုင်ရာ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပြီး သင်တန်းသားများအတွက် ထောက်ပံ့ကြေးများ ပေးအပ်လှူဒါန်းသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပုဂံညောင်ဦးမြို့ နန်းမြင့်မျှော်စင် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပြည်တွင်းပြည်ပခရီးသွားများအား ဝန်ဆောင်မှုပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုသည်။

ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် Heritage Bagan Hotel ၌ ဌာနဆိုင်ရာများ၊ ဟိုတယ်နှင့် ခရီးသွားအသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ဟိုတယ်အတွင်း လှည့်လည်ကြည့်ရှုကာ ပြည်တွင်း ပြည်ပဧည့်သည်များကို နိုင်ငံတကာစံနှုန်းများနှင့်အညီ ကျန်းမာဘေးကင်းစွာဖြင့် ဝန်ဆောင်မှုပေးအပ်နိုင်ရေး မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် သီရိပစ္စယာ ဆာကူရာဟိုတယ်၌ ပြည်တွင်း ခရီးသွားများအား လိုက်လံရှင်းလင်းပြသသူများသို့ အသိပညာပေးပွဲ တက်ရောက်ခဲ့ကြသူများနှင့် တွေ့ဆုံပြီး Royal Palace ဟိုတယ်သို့ သွားရောက်ကာ ဟိုတယ်အိပ်ခန်းများနှင့် ပြင်ဆင်ထားရှိမှုများကို စစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)