နေပြည်တော် မေ ၁၆
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် အခြေခံပညာဦးစီးဌာနရှိ တိုင်းဒေသကြီး/ပြည်နယ်များမှ တိုင်းဒေသကြီး/ပြည်နယ်ပညာရေးမှူးများ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ်ပညာရေးမှူးများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ဆရာ ဆရာမများ၏ ညီညီညွတ်ညွတ် ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်မှုများကြောင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အတန်းများကို အောင်မြင်စွာ ဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကို ဇွန် ၂ ရက်တွင် စတင်တော့မည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီး ဌာနအနေဖြင့် အခြေခံပညာ ကျောင်းသား ကျောင်းသူများ ကျောင်းအပ်လက်ခံရာတွင် မည်သည့် ငွေကြေးမျှ မကောက်ခံဘဲ အခမဲ့ပညာရေးစနစ်ဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးရှိ အခြေခံပညာ ကျောင်းများတွင် မေ ၂၆ ရက်မှ ဇွန် ၁ ရက်အထိ ကျောင်းအပ်နှံရေး လုပ်ငန်းများ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မေ ၁၉ ရက်တွင် ကျောင်းအပ်နှံရေး လှုပ်ရှားမှု ဆိုင်းဘုတ်များ စိုက်ထူဆောင်ရွက်ကြရမည်ဖြစ်ပြီး ပညာရေးမှူးများအားလုံးက စည်းကမ်းတိကျစွာ ကြီးကြပ်ဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ ကျောင်းအပ်နှံရာတွင် နေထိုင်သည့် မြို့နယ်ဒေသ (Catchment Area) များတွင် ကျောင်းအပ်နှံကြရမည် ဖြစ်ပါကြောင်း။
သို့ရာတွင် မိမိသွားလာရေး အဆင်ပြေသည့် နေထိုင်ရာဒေသနှင့်နီးစပ်ရာ ကျောင်းများတွင် အပ်နှံနိုင်ရေးအတွက်လည်း အဆင်ပြေအောင် ဝိုင်းဝန်းညှိနှိုင်း ဆောင်ရွက် ပေးကြစေလိုပါကြောင်း၊ မေ ၁၂ ရက်တွင် တက္ကသိုလ်များ၊ ပညာရေးဒီဂရီ ကောလိပ်များအားလုံး ဖွင့်လှစ်ခဲ့ရာ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်လျက် ရှိကြကြောင်း၊ အခြေခံပညာကျောင်းများ ဖွင့်လှစ်ချိန်တွင်လည်း ဆရာ ဆရာမများအနေဖြင့် မိမိတို့ တိုင်းဒေသကြီး/ပြည်နယ်များတွင် ကျောင်းအပ်နှံ ရေးလုပ်ငန်းများ အခက်အခဲမရှိအောင်၊ ပြဿနာမရှိအောင် ညီညီညွတ်ညွတ် ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းက ကျောင်းအပ်နှံရေးနေ့တွင် ကျောင်းသုံးဖတ်စာအုပ်များ၊ ဗလာစာအုပ်များ အခမဲ့ပေးဝေသွားမည်ဖြစ်ပါကြောင်း၊ ကျောင်းဝတ်စုံများကိုလည်း ကျောင်းဖွင့်ချိန်အတွင်း ပေးဝေသွားမည်ဖြစ်ပါကြောင်း၊ ကျောင်းသုံးစာရေးကိရိယာများ၊ ဖတ်စာအုပ်များကို အနှောက် အယှက်၊ အဖျက် အဆီး၊ ပျက်စီးဆုံးရှုံးမှုများမရှိအောင် စနစ်တကျစီစဉ် ဆောင်ရွက်ကြစေလိုပါကြောင်း၊ ပညာရေးနှင့် ပတ်သက်သည့် သတင်းမှား သတင်းတုများ ပေါ်ပေါက်လာသည့်အခါ သတင်းအမှန်များကို ကျောင်းသားမိဘများ သိရှိအောင် စိတ်ရှည်စွာ ရှင်းပြကြစေလိုပါကြောင်းဖြင့် ကျောင်းသား လူငယ်များ၏ သင်ယူသင်ကြားခွင့် အခွင့်အရေး အပြည့်အဝ ရရှိအောင်ဆောင်ရွက်ကြရန် ပြောကြားသည်။
ယင်းနောက် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်က ကျောင်းသားကျောင်းသူများ ပညာသင်ယူမှုအခွင့်အလမ်းရရှိစေရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ ယခုပညာသင်နှစ်၌ KG+11 အထိ စနစ်သစ်သင်ရိုးဖြင့် သင်ကြားပေးမည်ဖြစ်ပါကြောင်း၊ ယမန်နှစ်က အကြောင်း အမျိုးမျိုးကြောင့် စနစ်ဟောင်း သင်ရိုး Grade-6 မတက်ရသေးသူများအတွက် Grade-6 သင်ရိုးဟောင်းကိုလည်းပြန်လည် သင်ကြားပေးရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ကျောင်းအပ်နှံရေးလုပ်ငန်းနှင့် ကျောင်းဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှု အခြေအနေများကို တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးများက ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေး ပြောကြား၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)