Skip to main content

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်တွင် မလေးရှားနိုင်ငံသို့ သယ်ဆောင်မည့် ငွေကျပ် ၆ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များ ဖမ်းဆီးရမိ

နေပြည်တော် မေ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်တွင် မလေးရှားနိုင်ငံသို့ သယ်ဆောင်မည့် ငွေကျပ် ၆ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၄ ရက် ည ၇ နာရီခွဲတွင် သတင်းအရ မြောက်ဥက္ကလာပမြို့နယ်၊ (ဈ) ရပ်ကွက်၊ သီရိမင်္ဂလာ ဈေးဝင်းတွင် ယာဉ်မောင်း ဝင်းလှိုင်(ခ)ဦးချယ်နှင့် လှဘော် တို့ ၂ ဦးအား TOYOTA WISH မော်တော်ယာဉ်နှင့်အတူ တွေ့ရှိပြီး ယာဉ်ပေါ်မှ ဒေသကာလ တန်ဖိုးငွေကျပ် ၆ ဒသမ ၂ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၂၅၁ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ မေ ၆ ရက် မွန်းလွဲ ၁ နာရီတွင် မရမ်းကုန်းမြို့နယ်၊ (၅)ရပ်ကွက်တွင် အိုက်စ် (မက်သ်အဖက်တမင်း)များ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်ကြသည့် ထွန်းနိုင်နှင့် ဝင်းမြင့် တို့ကိုလည်းကောင်း၊ ညနေ ၄ နာရီခွဲတွင် ကျောင်းကုန်းမြို့အဝင်တိုးဂိတ်တွင် အားဂျီး(ခ)အားရှီး ကိုလည်းကောင်း၊ ညနေ ၅ နာရီတွင် တာချီလိတ်မြို့နယ်၊ လွယ်ချီတုံ ကျေးရွာတွင် ကိုပေါက်(ခ)အောင်မြတ်ဝင်း ကိုလည်းကောင်း၊ ညနေ ၅ နာရီခွဲတွင် ပုသိမ်မြို့နယ်၊ ချောင်းသာ ဟိုတယ်တွင် ထိုင်းနိုင်ငံသား စိုင်းရှန်ဖ(ခ)ဘောန်(ခ)Mr. Piayapong Khammongkhon နှင့် စိုင်းနော်ခမ်း(ခ)အိုက်စိုင်း တို့ကို လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း၊ ဆက်လက်စစ်ဆေး ဖော်ထုတ်ချက်များအရ မေ ၇ ရက် နံနက် ၁၁ နာရီတွင် ဒလမြို့နယ်၊ စက်မြေရပ်ကွက်ရှိ ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော ပင်လယ်ပြင်သုံး ငါးဖမ်းစက်လှေတစ်စင်းနှင့်အတူ ရှိုင်းထက်အောင်(ခ)ဆံရှည်၊ အေးသောင်း၊ မျိုးနိုင်နှင့် သန်းစိုးတို့ကို ထပ်မံဖမ်းဆီးရမိခဲ့ပြီး မေ ၈ ရက် ညနေ ၃ နာရီခွဲတွင် မူးယစ်ဆေးဝါးများ တာဝန်ခံ သယ်ဆောင်မည့် စက်လှေပိုင်ရှင် ဉာဏ်ဝင်း ကိုလည်းကောင်း၊ မေ ၁၁ ရက် နံနက် ၁၀ နာရီတွင် တာချီလိတ်မြို့၊ ပါလျှံ(၁)ရပ်ကွက်တွင် အောင်ကျော်ထွန်း(ခ) အိုက်ဆမ် ကိုလည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း) များကို ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ပြီး ထိုမှတစ်ဆင့် ရေကြောင်းလမ်းအသုံးပြု၍ မလေးရှားနိုင်ငံ ရေပိုင်နက်သို့ သယ်ဆောင်မည်ဖြစ်ကြောင်း၊ ဖမ်းဆီးရမိသူများအနက် ထိုင်းနိုင်ငံသား စိုင်းရှန်ဖ(ခ)ဘောန်(ခ) Mr. Piayapong Khammongkhon သည် ထိုင်းနိုင်ငံတွင် လူသတ်မှု၊ မူးယစ်ဆေးဝါးမှုတို့ဖြင့် အလိုရှိတရားခံပြေး ဖြစ်ကြောင်း၊ အမှုတွင် ပူးပေါင်းပါဝင်ပြီး ထွက်ပြေးတိမ်းရှောင်နေသူများ ဖြစ်သည့် စိုင်းဂွမ်(ခ) စိုင်းဂွမ်း၊ စိုင်းအောင်ညွန့်၊ အားချန်နှင့် လူဖီး တို့အပါအဝင် စုစုပေါင်း(၁၈)ဦးကို ဥပဒေအရ အရေးယူထားရှိပြီး မူးယစ်ဆေးဝါး ရောင်းဝယ်လုပ်ကိုင်ရာမှ ရရှိသည့် အကျိုးအမြတ်များနှင့် ပိုင်ဆိုင်မှုများ စိစစ်ဖော်ထုတ်၍ ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့(ONCB)၊ မလေးရှားနိုင်ငံ အမျိုးသား မူးယစ်ဆေးဝါး ဆန့်ကျင်တိုက်ဖျက်ရေး အဖွဲ့(NADA)တို့နှင့် ပူးပေါင်း၍ ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)