နိုင်ငံတစ်ဝန်းလုံးတွင်ရှိသည့်တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များနှင့်ကောလိပ်များ ပုံမှန်ပညာသင်နှစ်အတိုင်း ပြန်လည်ဖွင့်လှစ်လိုက်ခြင်းနှင့်အတူ နိုင်ငံ့အနာဂတ်၏အညွန့်အဖူး ကျောင်းသား၊ ကျောင်းသူလူငယ်ကလေးများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေကြသည့် သတင်းမြင်ကွင်းများမှာ မင်္ဂလာနှင့်ပြည့်စုံ၍ ကြည်နူးဖွယ်ရာပင်ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် နှစ်ဦးပိုင်းတွင် မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အခြေခံပညာကျောင်းများ၊ အဆင့်မြင့်ပညာသင်တက္ကသိုလ်၊ ကောလိပ်များပါ ပိတ်ခဲ့ရသည့်အတွက် ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးထိခိုက်နစ်နာခဲ့ကြရသည်။ ထို့အပြင် ပြည်ပရောက်အကြမ်းဖက်အုပ်စုများ၏ ခြိမ်းခြောက်နှောင့်ယှက်မှုများ၊ ၎င်းတို့၏နောက်လိုက် ပြည်တွင်းအကြမ်းဖက်သမားများ၏ တိုက်ခိုက်မှု၊ သတ်ဖြတ်မှုများကလည်း ကျောင်းသား ကျောင်းသူများ၏ ပညာသင်ကြားမှုအပေါ် ထိခိုက်နစ်နာမှုကြီးမားစေခဲ့သည်။
ယခုအခါ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့တွင် ရှိနေသည့် တက္ကသိုလ်ကောလိပ်များ၏ ပညာသင်နှစ်များ စတင်လိုက်ပြီဖြစ်သကဲ့သို့ပင် မကြာတော့သည့်ရက်သတ္တပတ်များတွင် အခြေခံပညာကျောင်းများကိုလည်း ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ရာ နိုင်ငံအလုံးစုံပျက်သုဉ်းရေးအတွက် သဲသဲမဲမဲကြိုးပမ်းနေကြသည့် အဖျက်အုပ်စုများနှင့် ၎င်းတို့၏မီဒီယာများက ဟန့်တားနှောင့်ယှက်မှုမျိုးစုံတို့ကိုပြုလုပ်နေကြပြီဖြစ်သည်။ ၎င်းတို့၏ လိုလားချက်မှာ ပြည်သူလူထုအတွင်းအေးချမ်းသာယာမှုနှင့် ပျော်ရွှင်မှုတို့ ဆိတ်သုဉ်းနေစေရေး၊ ကျောင်းများတွင် ကျောင်းသူ၊ ကျောင်းသား၊ ဆရာ၊ ဆရာမများကင်းမဲ့ပြီး ပညာသင်ကြားမှုတို့ပျောက်ဆုံးနေစေရေး၊ နိုင်ငံ၏အုပ်ချုပ်ရေးယန္တရားများပျက်စီးကာ တရားဥပဒေစိုးမိုးမှု ပျက်ပြားနေစေရေး၊ ကုန်ထုတ်လုပ်မှုနှင့်ကူးသန်းရောင်းဝယ်မှု စီးပွားရေးကဏ္ဍများ ရပ်ဆိုင်းပြီး ပြည်သူလူထုအကျပ်အတည်းရိုက်စေရေး စသည်တို့အပါအဝင် နိုင်ငံကိုဘက်ပေါင်းစုံမှ ပျက်စီးစေလိုသည့် အတွေးအခေါ်၊ အကြံအစည်များ၊ ဝါဒဖြန့်ချိမှုများကို လူမှုကွန်ရက်များတွင် ထင်ထင်ရှားရှား တွေ့မြင်ကြရမည်ဖြစ်သည်။
မိမိတို့နိုင်ငံ၏အမျိုးသားအဆင့် ပညာသင်ကြားတတ်မြောက်မှု အခြေအနေမှာ လွန်စွာနိမ့်ကျလျက်ရှိပြီး နိုင်ငံ၏အနာဂတ်အတွက် ယခုခြေလှမ်းအတိုင်း ဆက်၍သွားရန်မဖြစ်တော့ဘဲ ကျောင်းနေအရွယ်ကလေးတိုင်း မဖြစ်မနေကျောင်းတက်ရေး၊ တန်းစဉ်မပြတ် တက်ရောက်ကာ ကျောင်းနေမြဲရေး၊ အခြေခံပညာကိုပြီးမြောက်သည်အထိသင်ယူကာ အဆင့်မြင့်ပညာသင်ကြားမှုသို့ ခရီးဆက်နိုင်ရေး၊ အကြောင်းအမျိုးမျိုးကြောင့် တက္ကသိုလ်ပညာရေးဆီသို့ ဆက်လက်မတက်ရောက်နိုင်ပါက အခြေခံပညာအလယ်တန်း၊ အထက်တန်းတို့မှတစ်ဆင့် အသက်မွေးဝမ်း ကျောင်းပညာများဆီသို့ ကူးပြောင်းသင်ကြားနိုင်ရေးစသည်ဖြင့် နိုင်ငံ၏လူ့စွမ်းအားအရင်း အမြစ်များဖွံ့ဖြိုးရေးကို အမျိုးသားရေးလုပ်ငန်းတစ်ရပ်အဖြစ် မည်သည့်အစိုးရက နိုင်ငံ့တာဝန်ကိုယူသည်ဖြစ်စေ မဖြစ်မနေဆောင်ရွက်ကြရမှာဖြစ်သည်။
ကျောင်းဖွင့်ကာလများနှင့် ချိန်ကိုက်ကာ ကျောင်းသားများ ကျောင်းမတက်ရန်၊ ပညာမသင်ကြရသော်လည်း စိတ်မပူရန်၊ မိမိဘာသာ ပညာသင်ယူကြရန်၊ ပုဂ္ဂလိကကျောင်းများလည်းမဖွင့်ရန် စသည်ဖြင့် အဓိပ္ပာယ်ကင်းမဲ့သည့်လှုံ့ဆော်မှုများ၊ ခြိမ်းခြောက်သံပါသည့် ဝါဒဖြန့်မှုများကို လူမှုကွန်ရက်များတွင် တွေ့မြင်လာရပြီဖြစ်သည်။ ကျောင်းများဖွင့်လှစ်၍ သင်ကြားပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းသို့တက်ရောက်ပညာသင်ယူခြင်းတို့သည် အနာဂတ်နိုင်ငံတော်ကို မြင့်မြင့်မားမားတည်ဆောက်နိုင်ရန်အတွက် အမျိုးသားရေးတာဝန်ကို ထမ်းဆောင်ခြင်းဟူ၍ခံယူကာ အားထုတ်ကြိုးပမ်းသင်ကြားသင်ယူနိုင်ကြပါစေကြောင်း။ ။
မြန်မာ့အလင်း အယ်ဒီတာ့အာဘော်