နေပြည်တော် မေ ၁၄
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ ဓာတုစယဓာတ်ပေါင်းစုစေတီတော်မြတ်ကြီး ပရိဝုဏ်တော်၏အရှေ့အရပ်ရှိ မဟာဗောဓိညောင်ပင်တော်အား (၁၂)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်း လောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၇ နာရီက စေတီတော်မြတ်ကြီးပရိဝုဏ်အတွင်း၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဒေါက်တာမောင်မောင်နိုင်၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနကြီးမှူးများ၊ ဌာနမှူးနှင့် ဒုဌာနမှူးများ၊ အလှူရှင်များနှင့် ဧည့်ပရိသတ်များ တက်ရောက် ကြည်ညိုကြသည်။
အဆိုပါ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ကာ အခမ်းအနားမှူးက ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ရန်ပန်ကြားသည့် မဟာဗောဓိ ရုက္ခေါဒကသိဉ္ဇန ဥုံယျောဇနဂါထာကို ဖတ်ကြားပူဇော်သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာမောင်မောင်နိုင်၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင် (ယာပုံ) နှင့် တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဧည့်ပရိသတ်များက မဟာဗောဓိညောင်ပင်တော်အား ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်