Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကောင်စီဝင်များနှင့် ဇနီးများက ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်

နေပြည်တော် မေ ၁၄

ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ ၁၂ လရာသီပွဲတော်တွင် တစ်ခုအပါအဝင်ဖြစ်သည့် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ဗုဒ္ဓနေ့ဖြစ်သော ယနေ့တွင်ကျရောက်သည့် ကဆုန်ညောင်ရေသွန်းပွဲတော်တွင် နေပြည်တော်၊ ဥပ္ပါတသန္ တိစေတီတော်မြတ်ကြီး ပရိဝုဏ်တော်မြောက်ဘက်အရပ်ရှိ မဟာဗောဓိညောင်ပင်တော်များအား (၁၄)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားအား ယနေ့ညနေပိုင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှူးပြုသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် ဇနီးများက မဟာဗောဓိညောင်ပင်တော်များကို ညောင်ရေသွန်းလောင်း ပူဇော်ကြသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအဖွဲ့ဝင်များနှင့်ဇနီးများ၊ အတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ပြည်ထောင်စုတရားသူကြီးချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့်ဇနီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) နှင့်ဇနီး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီးနှင့် တာဝန်ရှိသူများ၊ ဝတ်အသင်းအဖွဲ့များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်ဇနီး၊ ကောင်စီအဖွဲ့ဝင်များနှင့် ဇနီးများ၊ အခမ်းအနားတက်ရောက်လာကြသူများသည် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပရိဝုဏ်တော်အတွင်းရှိ မဟာဗောဓိညောင်ပင်များအား ညောင်ရေသွန်းလောင်းပူဇော်ရန် နေရာယူကြရာ အခမ်းအနားမှူးက မဟာဗောဓိရုက္ခသိဉ္စန ပူဇာဂါထာတော်ကို ရွတ်ဖတ်ပူဇော်၍ သာဓုသုံးကြိမ်ခေါ်ဆိုပြီးသည့်အခါ သတ်မှတ်ထားသည့်နေရာများအလိုက် မဟာဗောဓိညောင်ပင်တော်များအား ညောင်ရေသွန်းလောင်းပူဇော်ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်ကြကာ မဟာဗောဓိညောင်ပင်များအား လက်ယာရစ်လှည့်လည်ပူဇော်ကြသည်။

ထို့ပြင် ဇေယျာသီရိမြို့နယ်၊ လောကချမ်းသာဆုတောင်းပြည့်အသင်းဘုရားကြီးရှိ မဟာဗောဓိညောင်ပင်တော်များကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အမှူးပြု၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ မိသားစုများက ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ကြသည်။

အဆိုပါ ကဆုန်လပြည့်နေ့သည် ဒီပင်္ကရာမြတ်စွာဘုရားက ဂေါတမဘုရားအလောင်းတော် သုမေဓာရှင်ရသေ့အား “ဘဒ္ဒကမ္ဘာတွင် ဘုရားအဖြစ်ကိုရလိမ့်မည်”ဟု ဗျာဒိတ်တော်စကား မိန့်ကြားတော်မူသောနေ့၊ ဘုရားအလောင်းတော်သိဒ္ဓတ္ထမင်းသား ဖွားမြင်သောနေ့၊ သဗ္ဗညုဘုရားရှင်အဖြစ်သို့ ရောက်တော်မူသောနေ့၊ ပရိနိဗ္ဗာန်စံတော်မူသောနေ့ ယင်းနေ့များသည် ကဆုန်လပြည့်နေ့များပင်ဖြစ်သဖြင့် “ဗျာဒိတ် ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နိဗ္ဗာန်နန်း”ဟု မှတ်တမ်းပြုကြပြီး ကဆုန်လပြည့် ဗုဒ္ဓနေ့ဟူ၍ ဗုဒ္ဓဘာသာဝင်များက နေ့ထူးနေ့မြတ်အဖြစ် အထွတ်အမြတ်ထား၍ ကျင်းပပူဇော်လေ့ရှိကြကြောင်း၊ ကဆုန်လပြည့်နေ့၏ ထူးခြားချက်မှာ ဂေါတမမြတ်စွာဘုရားသာလျှင်မကဘဲ သဗ္ဗညုမြတ်စွာဘုရားရှင်တို့၏ ဖွားမြင်တော်မူသောနေ့၊ ဘုရားဖြစ်တော်မူသောနေ့၊ ပရိနိဗ္ဗာန်ပြုသော နေ့များမှာလည်း ကဆုန်လပြည့်နေ့ပင်ဖြစ်၍ ကဆုန်လပြည့်နေ့ကို “ဗုဒ္ဓနေ့”ဟု သတ်မှတ်ခြင်းဖြစ်ကြောင်း၊ ကဆုန်ညောင်ရေသွန်းပွဲတော်သည် ကုသိုလ်ယူဖွယ်ရာ၊ ဝမ်းသာကြည်နူးဖွယ်ရာ ဘာသာရေးဆိုင်ရာပွဲတော် တစ်ခုဖြစ်သည့်အပြင် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်တစ်ရပ်အဖြစ် ကျင်းပပြုလုပ်သည့် ပွဲတော်ဖြစ်ကြောင်းနှင့် ကဆုန်လပြည့်နေ့ မတိုင်မီ တစ်ရက်အလိုတွင် ညောင်ရေသွန်းလောင်းကြမည့် ညောင်ပင်များကို အမွှေးနံ့သာရေများပက်ဖျန်းပေးခြင်း၊ မဟာဗောဓိပင်ပလ္လင်တော်အား ကြည်ညိုစဖွယ်ဖြစ်အောင် ပြင်ဆင်ခြင်းစသည့် ကုသိုလ်ယူဖွယ်များကို ပြုလုပ်လေ့ရှိကြကြောင်း သတင်းရရှိသည်။