Skip to main content

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ဦးဆောင်၍ ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်

နေပြည်တော် မေ ၁၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ဦးဆောင်၍ ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ယနေ့ ညနေပိုင်းတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ တောင်းဆုရ “ဝ” စေတီတော်ရှိ မဟာဗောဓိညောင်ပင်ကို ညောင်ရေသွန်းလောင်းပူဇော်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးတို့သည် တောင်းဆုရ “ဝ” စေတီတော်၊  ညီတော်ဘုရားလှိုဏ်ဂူတော်အတွင်းရှိ ရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီးတို့ ကပ်လှူပူဇော်သည်။

 ထို့နောက် “မဟာဗောဓိ ရုက္ခသိဉ္ဇနပူဇာ” ဂါထာတော်အား ရွတ်ဖတ်ပူဇော်ကာ အခမ်းအနားဖွင့်လှစ်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ဒုတိယဝန်ကြီးများနှင့် ဇနီးများ၊ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ တပ်ဖွဲ့၊ ဦးစီးဌာနများမှ အရာရှိကြီးများနှင့် ဇနီးများ၊ မိသားစုများသည် တောင်းဆုရ “ဝ”စေတီတော် ပရဝုဏ်အတွင်းရှိ “မဟာဗောဓိ” ညောင်ပင်အနီးတွင် ညောင်ရေသွန်းလောင်းပူဇော်ရန် နေရာယူကြကာ သတ်မှတ်ထားသည့်နေရာများမှ အဖွဲ့လိုက် “မဟာဗောဓိ” ညောင်ပင်ကို ညောင်ရေသွန်းလောင်းပူဇော်၍ အမွှေးနံ့သာရေများ ပက်ဖျန်းပူဇော်ပြီး ညောင်ရေသွန်းလောင်းပွဲအခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)