နေပြည်တော် မေ ၁၄
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ရှမ်းပြည်နယ် သယံဇာတရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ နမ့်ခုတ်ကြိုးပြင် ကာကွယ်တောရှိ (၃/၂၀၂၁) ရေဝေရေလဲစိုက်ခင်း (၂၅)ဧကနှင့် (၁/၂၀၂၂) စက်မှုကုန်ကြမ်း ထင်းရှူးစိုက်ခင်း (၂၅) ဧကသို့ ရောက်ရှိပြီး စိုက်ခင်းများ ရှင်သန်အောင်မြင်ဖြစ်ထွန်းနေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဟဲဟိုး-ဘော်ဆိုင်း-ပင်းတယ လမ်းဘေးဝဲယာ ထင်းရှူးတစ်အုပ်တစ်မ စိုက်ပျိုးမည့်နေရာများ၊ မြေဆီလွှာတိုက်စားမှု ကာကွယ်ရေးဆောင်ရွက်ရန် လိုအပ်သည့်နေရာများနှင့် ကြိုးပြင်ကာကွယ်တော သတ်မှတ်ရန် အလားအလာရှိသည့်နေရာများကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၁)သတ္တုတွင်းလုပ်ငန်း ဘော်ဆိုင်းရုံးခွဲ၌ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး သတ္တုတွင်းလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ Mine Design ပါအချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း အစီရင်ခံစာနှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်ပါ သတ်မှတ်ချက်များ၊ ကတိကဝတ်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်နှင့် ဂေဟစနစ်ဖြည့်တင်းရေး စိုက်ခင်းများ ထိရောက်အောင်မြင်အောင် ဆောင်ရွက်ရန် မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပင်းတယမြို့၊ သစ်တောဦးစီးဌာန၊ ပျိုးဥယျာဉ်၌ ပျိုးပင်များ ပျိုးထောင်ထားရှိမှုကိုလည်းကောင်း၊ ပင်းတယ-အောင်ပန်း လမ်းဘေးဝဲယာ ထင်းရှူးတစ်အုပ်တစ်မ စိုက်ပျိုးမည့်နေရာများနှင့် ကွက်လပ်ဖြည့်စိုက်ပျိုးမည့် နေရာများကို လည်းကောင်း၊ ကလောမြို့နယ် ကလော-အောင်ပန်း ကားလမ်း လမ်းဘေးဝဲယာ ထင်းရှူးတစ်အုပ် တစ်မ စိုက်ပျိုးထားရှိမှုနှင့် သီခေါင်ကြိုးပြင် ကာကွယ်တောအတွင်း ထင်းရှူးကွက်လပ်ဖြည့် စိုက်ပျိုးခြင်း (၃) ဧက စိုက်ပျိုးထားရှိကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် လှိုင်းတက်ရှိ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန ကျောက်အိုးအမြဲတမ်းပျိုးဥယျာဉ် လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် ပျိုးဥယျာဉ်အတွင်း သစ်မျိုး (၁၄) မျိုးဖြင့် ပျိုးပင် (၈၇,၀၀၀) ပျိုးထောင်ထားရှိမှုကိုလည်းကောင်း၊ ရူပါတောင်ကြိုးဝိုင်း၊ အကွက်အမှတ် (၂၁) အတွင်း အထူး စိမ်းလန်းစိုပြည်ရေး တစ်အုပ်တစ်မစိုက်ခင်း အပင် (၅,၀၀၀)နှင့် (၄/၂၀၂၂) အထူးစိမ်းလန်း စိုပြည်ရေး တစ်အုပ်တစ်မစိုက်ခင်း အပင် (၄,၀၀၀) ရှင်သန်အောင်မြင်မှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)