ဗီယက်နမ် မေ ၁၃
ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ပီတန်း(အမျိုးသား/ အမျိုးသမီး)အားကစားပြိုင်ပွဲ ပွဲစဉ်များကို ယနေ့ မွန်းလွဲပိုင်းတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ National Sports Training Center ၌ ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ၊ မြန်မာအားကစားအဖွဲ့များမှ တက်ရောက် ကြည့်ရှုအားပေးကြသည်။
အဆိုပါပြိုင်ပွဲတွင် ပီတန်းအားကစားသမား မခင်ချယ်ရီသက်သည် မြန်မာနိုင်ငံအတွက် ဒုတိယမြောက် ရွှေတံဆိပ်ဆုကို ဆွတ်ခူးရရှိသည်။ ပွဲဦးထွက် ပြိုင်ပွဲတွင် မခင်ချယ်ရီသက်သည် ပြိုင်ဘက်အသင်းဖြစ်သော ၅နိုင်ငံမှအသင်းများဖြင့် ယှဉ်ပြိုင်ကစားခဲ့ရာ ရမှတ်အများဆုံးဖြင့် နံပါတ်၁နေရာရရှိခဲ့ပြီး နံပါတ်၄နေရာမှ ကမ္ဘောဒီးယားနိုင်ငံဖြင့် ဆီးမီးဖိုင်နယ်ပွဲစဉ်ကို ဆက်လက် ယှဉ်ပြိုင်ကစားရာတွင် အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲသို့တက်ရောက်ခဲ့သည်။
ထို့နောက် ဗိုလ်လုပွဲ ပွဲစဉ်တွင် လာအိုအသင်းမှ အားကစားသမားနှင့် ဆက်လက်ယှဉ်ပြိုင် ကစားခဲ့ကြရာ မခင်ချယ်ရီသက်က လာအို အားကစားသမား Kip Thepphakan ကို အနိုင်ရရှိခဲ့ပြီး မြန်မာနိုင်ငံအတွက် ဒုတိယမြောက် ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရယူပေးနိုင်ခဲ့ခြင်း ဖြစ်ပြီး ပီတန်းအားကစားသမား မောင်ဝင်းသူရိန်ထွန်းကလည်း ကြေးတံဆိပ်ဆု ရရှိခဲ့ကြသည်။
ဆက်လက်ပြီး Hoai Duc Gymnasium ၌ Kurash အားကစားပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များကို ကျင်းပရာ (-၇၀)ကီလိုတန်း အမျိုးသမီးပြိုင်ပွဲတွင် မဖြိုးဆွေဇင်ကျော်သည် ဗီယက်နမ် အားကစားသမားကို အနိုင်ရရှိခဲ့ပြီး မြန်မာနိုင်ငံအတွက် ငွေတံဆိပ်ဆုကိုလည်းကောင်း၊ (-၇၃) ကီလိုတန်း အမျိုးသားပြိုင်ပွဲတွင် မောင်စိုးမြင့်ထွန်း မှ ကြေးတံဆိပ်ဆုကိုလည်းကောင်း အသီးသီး ရရှိခဲ့ကြသည်။
ယနေ့နံနက်ပိုင်းတွင် Hai Phong မြို့၌ Rowing အားကစားပြိုင်ပွဲများကို ကျင်းပခဲ့ရာ အမျိုးသမီး (၂)တက်လှော်ပြိုင်ပွဲတွင် မရွှေဇင်လတ်နှင့် မနီလာဝင်းတို့က ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ Ha Noi National Sports Training Center ၌ ကျင်းပလျက်ရှိ သော ကာယဗလကာယအလှအားကစားပြိုင်ပွဲ ၅၅ ကီလိုတန်းတွင် မောင်ကျော်မင်းသန်းက ကြေးတံဆိပ်ဆုကိုလည်းကောင်း အသီးသီးရရှိခဲ့ကြောင်း သတင်းရရှိပါသည်။
သတင်းစဉ်