နေပြည်တော် မေ ၁၂
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ပညာရည်မြင့်မားရေး၊ လူ့စွမ်းအားဖွံ့ဖြိုးရေးနှင့် အသိပညာဖြန့်ဝေရေး ( Knowledge Sharing Program – KSP) အစီအစဉ်အရ ကျင်းပသည့် ဆွေးနွေးပွဲအမှတ်စဉ် (၁၄)ကို “ကုန်သွယ်လုပ်ငန်းခွန်အကြောင်း သိမှတ်ဖွယ်ရာများ” ခေါင်းစဉ်ဖြင့် ယနေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး (နေပြည်တော်) စုပေါင်းခန်းမ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကျင်းပသည်။
ဆွေးနွေးပွဲ၌ ပြည်ထောင်စုစာရင်းစစ်ချုပ် ပါမောက္ခ ဒေါက်တာကံဇော်က ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်သူ့ဘဏ္ဍာငွေမှ အသုံးစရိတ်များကို ထိရောက်စွာ ခွဲဝေသုံးစွဲရာတွင် ဝင်ငွေရရှိမှုသည် လွန်စွာအရေးကြီးပါကြောင်း၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးအနေဖြင့် ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု ထိရောက်ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သို့ပါ၍ စာရင်းစစ် ဝန်ထမ်းများအနေဖြင့် ရငွေ၏ အဓိကအပိုင်းတစ်ခုဖြစ်သည့့်် အခွန်အကောက်ရငွေပါ ကုန်သွယ်လုပ်ငန်းခွန်နှင့်စပ်လျဉ်း၍ ပိုမိုသိရှိ နားလည်ရန် လိုအပ်သဖြင့် ယခုဆွေးနွေးပွဲအား ကျင်းပပေးရခြင်း ဖြစ်ပါကြောင်း။
ဆွေးနွေးပွဲသို့ တက်ရောက်လာသူများအနေဖြင့် ကုန်သွယ်လုပ်ငန်းခွန်နှင့် စပ်လျဉ်း၍ ဆွေးနွေးပွဲမှ သိမှတ်ဖွယ်ရာများအား လေ့လာမှတ်သားပြီး သိရှိလိုသည်များကို မေးမြန်းခြင်း၊ နိုင်ငံတော်၏ အခွန်အခများ တိုးတက်ရရှိစေရေးအတွက် စစ်ဆေးတွေ့ရှိချက်များအရ အခွန်ရငွေဆိုင်ရာ တွေ့ကြုံရသည်များကို Auditor Point of View မှ ဆွေးနွေးခြင်း၊ အကြံပြုခြင်းများကို ဆောင်ရွက်ကြစေလိုပါကြောင်း၊ ယခုဆွေးနွေးပွဲမှရရှိသည့် အသိပညာဗဟုသုတများကို စစ်ဆေးရေးလုပ်ငန်းတွင် လက်တွေ့ပြန်လည် အသုံးချခြင်းဖြင့် နိုင်ငံ့ဝင်ငွေ တိုးတက်ရရှိစေရေးအတွက် ဝိုင်းဝန်းဆောင်ရွက် သွားကြစေလိုကြောင်း မှာကြားသည်။
ထို့နောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးလှမြင့်က အခွန်ကောက်ခံခြင်း၏ ရည်ရွယ်ချက်၊ အခွန်အမျိုးအစား၊ အခွန်နှုန်းထားများ၊ အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များနှင့် ကောက်ခံလျက်ရှိသည့် အခွန်အမျိုးအစားများမှ ကုန်သွယ်လုပ်ငန်းခွန်ဆိုင်ရာ သိမှတ်ဖွယ်ရာများကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးကြသည်။
ယင်းနောက် ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး)၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ညွှန်ကြားရေးမှူးများနှင့် တက်ရောက်လာသူများက အပြန်အလှန် ဆွေးနွေးမေးမြန်းခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်