Skip to main content

e-Visa (Tourist) ကမ္ဘာလှည့်ဗီဇာ ပြန်လည်ခွင့်ပြုနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် မေ ၁၂

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ Online e-Visa စနစ်ဖြင့် Tourist Visa (ကမ္ဘာလှည့်ဗီဇာ) ပြန်လည်ခွင့်ပြုထုတ်ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တက်ရောက်

အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်စိုး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာ့အာမခံလုပ်ငန်းနှင့် e-Visa စနစ်အား ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသည့် Myanmar Easenet ကုမ္ပဏီတို့မှ တာဝန်ရှိသူတို့က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

ကြိုတင်ပြင်ဆင်ဆောင်ရွက်

အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးဌေးလှိုင်က မိမိတို့ဝန်ကြီးဌာနအနေဖြင့် Online e-Visa စနစ်ဖြင့် e-Visa (ကမ္ဘာလှည့်)ကို နိုင်ငံပေါင်း ၁၀၀၊ e-Visa (လုပ်ငန်း)ကို နိုင်ငံပေါင်း ၅၅ နိုင်ငံ ခွင့်ပြုဆောင်ရွက်နေရာမှ ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် ၂၀၂၀ ပြည့်နှစ် မတ် ၂၃ ရက်မှစ၍ ယာယီရပ်ဆိုင်း ထားခဲ့ပါကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု သိသိသာသာ လျော့နည်းကျဆင်းလာမှုကြောင့် e-Visa ဖြင့် (Business) လုပ်ငန်းဗီဇာကို ဧပြီ ၁ ရက်မှ ပြန်လည်ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ ဧပြီ ၁၇ ရက်မှစ၍လည်း ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နိုင်ငံတကာလေကြောင်းလိုင်းများကို ပြန်လည် ဝင်/ထွက် ပျံသန်းခွင့်ပြုခဲ့ရာ e-Visa (Business) ဖြင့် လျှောက်ထားဝင်ရောက်လာမှုများ ရှိပါကြောင်း၊ ယခုထပ်မံ၍ e-Visa (Tourist) ကမ္ဘာလှည့်ဗီဇာကို ခွင့်ပြုချက်အရ ခွင့်ပြုဆောင်ရွက်ရန်ရှိရာ နိုင်ငံအတွင်း ဝင်ရောက်လာမည့် နိုင်ငံခြားသားများကို အဆင်ပြေစေရေးအတွက် လိုအပ်ချက်များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန်နှင့် သတင်းအချက်အလက် ပြည့်စုံမှန်ကန်စွာ ချပြနိုင်ရေးသည် အရေးကြီးပါကြောင်း၊ ထို့ကြောင့် မိမိတို့ဌာနမှ e-Visa (ကမ္ဘာလှည့်)ဖြင့် ဝင်ရောက်လာမည့် နိုင်ငံခြားသားများ ခွင့်ပြုချက် လျှောက်ထားရာတွင် အချက်အလက် ပြည့်စုံမှန်ကန်စေရေးအတွက် လိုအပ်ချက်များ ထုတ်ပြန်ပေးသကဲ့သို့ ပူးပေါင်းဆောင်ရွက်ကြမည့် ဆက်စပ်ဌာနများအနေဖြင့် လိုအပ်ချက်များ အဆင်သင့်ဖြစ်စေရေးနှင့် အသိပေးရန် လိုအပ်ချက်များ အချိန်မီထုတ်ပြန်ရေးအတွက် ယခုအစည်းအဝေးကို ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ e-Visa (ကမ္ဘာလှည့်) ခွင့်ပြုနိုင်ရေးအတွက် လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို စေ့စပ်သေချာစွာ ဆောင်ရွက်နိုင်ရန်နှင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

ဆွေးနွေး

ထို့နောက် တက်ရောက်လာကြသူများက လက်ရှိလေကြောင်းလိုင်းများ ပြေးဆွဲမှုနှင့် ခရီးသည်များ ဝင်ရောက်မှုအခြေအနေ၊ ကျန်းမာရေးဆိုင်ရာ စစ်ဆေးဆောင်ရွက်မှုနှင့် ကိုဗစ်-၁၉ စစ်ဆေးတွေ့ရှိမှု အခြေအနေ၊ e-Visa(Business) ဖြင့် ဝင်ရောက်နေမှုနှင့် (Tourist Visa) ဖြင့် လျှောက်ထားခွင့်ပြု ဆောင်ရွက်ရာတွင် နိုင်ငံခြားသားဝင်ရောက်မှု ပိုမိုများပြားလာနိုင်သည့်အတွက် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ချက်များကို အကြံပြုဆွေးနွေး တင်ပြကြသည်။

ယင်းနောက် တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ညှိနှိုင်းဆောင်ရွက်ပေးပြီး e-Visa (Toursit) ဖြင့် ဝင်ရောက်လာမည့်သူများ အဆင်ပြေချောမွေ့စေရေးအတွက် အဘက်ဘက်က ကြိုတင်မြော်တွေး ဆောင်ရွက်ကြရေး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်