နေပြည်တော် မေ ၁၂
ပြန်ကြားရေးဝန်ကြီးဌာန ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများ ကြီးကြပ်မှုအဖွဲ့ (Broadcasting Governing Body-BGB) အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၂)ကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးရုံးမှတစ်ဆင့် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဦးရဲတင့်၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့မှ တာဝန်ရှိသူများ၊ မြဝတီရုပ်မြင်သံကြားနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ရုပ်သံလွှင့်ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးကြသည်။
အစည်းအဝေးတွင် အဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးရဲတင့်က အမှာစကားပြောကြားရာ၌ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ရုပ်သံလွှင့်ကုမ္ပဏီများအနေဖြင့် နိုင်ငံတော်တည်ငြိမ်ရေးနှင့် လုံခြုံရေးကို ထိခိုက်စေနိုင်သော ထုတ်လွှင့်မှုများ မပြုလုပ်မိစေရန် ဂရုပြုဆောင်ရွက်ရေး၊ လုပ်ငန်းများဆောင်ရွက်ရာတွင် တည်ဆဲဥပဒေများ၊ ဌာနနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှု စာချုပ်ပါအချက်များ၊ မီဒီယာကျင့်ဝတ်များနှင့်အညီ လိုက်နာဆောင်ရွက်ရေး၊ နိုင်ငံတော်က ဖော်ဆောင်လျက်ရှိသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပါအဝင် နိုင်ငံနှင့်ပြည်သူအတွက် အကျိုးရှိမည့် သတင်းအချက်အလက်နှင့် အစီအစဉ်များ ထည့်သွင်းထုတ်လွှင့်ရေး၊ သတင်းတု၊ သတင်းမှားများ ချေဖျက်နိုင်မည့် သတင်းမှန်များ အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်နိုင်ရေး၊ ဝန်ထမ်းများနှင့် စက်ပစ္စည်းများ လုံခြုံရေးဆိုင်ရာများကို ဆွေးနွေးမှာကြားပြီး တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများ ကြီးကြပ်မှုအဖွဲ့ကို ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဦးဆောင်၍ ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တာဝန်ရှိသူများ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော ရုပ်သံလွှင့်ကုမ္ပဏီများမှ တာဝန်ရှိသူများ စုစုပေါင်း ၂၁ ဦးဖြင့် ဖွဲ့စည်းထားရှိပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို လစဉ်ပြုလုပ်၍ ရုပ်သံထုတ်လွှင့်ခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်