နေပြည်တော် မေ ၁၂
“AHA Centre မှတစ်ဆင့် လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ (Task Force)၏ အဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးသို့ လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဒုတိယဥက္ကဋ္ဌ(၂)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်နှင့် လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး၏ နောက်ဆက်တွဲလုပ်ငန်းများ အထူးသဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဒုတိယအဆင့်အတွက် ပူးတွဲလေ့လာဆန်းစစ်ချက်နှင့် ရှေ့ပြေးစီမံကိန်းများ ဆောင်ရွက်မည့် နေရာဒေသများ သတ်မှတ်ရေး၊ အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်ချက်အဖွဲ့မှ လုပ်ငန်းတာဝန်များအား သတ်မှတ်ဒေသများတွင် လုံခြုံထိရောက်စွာ ဆောင်ရွက်နိုင်ရေးနှင့် အာဆီယံ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ရေး အစီအစဉ်နှင့် ပူးတွဲကာကွယ်ဆေး ထိုးနှံပေးရေး မူဘောင်တို့အတွက် အထောက်အကူဖြစ်စေမည့် နည်းလမ်းများကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်