Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး (၅)ကြိမ်မြောက် အာဆီယံ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ခေါင်းဆောင်မှုအရည်အချင်း ဆုပေးပွဲအခမ်းအနား တက်ရောက်

နေပြည်တော် မေ ၁၂

(၅)ကြိမ်မြောက် အာဆီယံ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ခေါင်းဆောင်မှုအရည်အချင်း ဆုပေးပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံ ဆင်းရဲမှုပပျောက်ရေးကော်မရှင်နှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးတို့ ပူးပေါင်း၍ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အခမ်းအနားသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာနိုင်ငံမှ ဆုရရှိသော Mega Global Green Automation ကုမ္ပဏီနှင့် Techno-Hill Engineering ကုမ္ပဏီတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အဆိုပါ (၅)ကြိမ်မြောက် အာဆီယံ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ခေါင်းဆောင်မှုအရည်အချင်း ဆုပေးပွဲအခမ်းအနားကို အာဆီယံနိုင်ငံများရှိ NGO/CSO များနှင့် Private Sectors များမှ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး အခန်းကဏ္ဍများတွင် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်မှုများအား အသိအမှတ်ပြုရန်နှင့် အစိုးရ-ပုဂ္ဂလိက-ပြည်သူအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်မှုများ တိုးတက်မြင့်မားလာစေရန် ရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

အခမ်းအနားတွင် အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ် His Excellency EKKAPHAB PHANTAVONG နှင့် ဖိလစ်ပိုင်နိုင်ငံ ဆင်းရဲမှုပပျောက်ရေး ကော်မရှင်မှ Lead Convener His Excellency NOEL K. FELONGCO တို့က အဖွင့်အမှာစကား ပြောကြားကြပြီး အာဆီယံနိုင်ငံအသီးသီးမှ ဆုရရှိသော NGO/CSO များနှင့် Private Sectors များက ၎င်းတို့၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကြသည်။

မြန်မာနိုင်ငံမှ ပုဂ္ဂလိကကဏ္ဍအနေဖြင့် ဆုရရှိသည့် Mega Global Green Automation ကုမ္ပဏီနှင့် Techno-Hill Engineering ကုမ္ပဏီတို့ကလည်း ကျေးလက်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ခဲ့မှုများအား PowerPoint ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး အာဆီယံ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ခေါင်းဆောင်မှုအရည်အချင်း ဆုများအား အသီးသီး လက်ခံရယူကြသည်။

ထို့နောက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ဂုဏ်ပြုစကားပြောကြားရာတွင် ခေါင်းဆောင်မှုအရည်အချင်း ဆုရရှိသည့် အာဆီယံနိုင်ငံအသီးသီးမှ NGO/CSO များနှင့် Private Sectors များအတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ မြန်မာနိုင်ငံမှ ဆုရရှိသော Mega Global Green Automation ကုမ္ပဏီနှင့် Techno-Hill Engineering ကုမ္ပဏီတို့ကိုလည်း ချီးကျူးဂုဏ်ပြုလိုပါကြောင်း၊ ယခုလိုဆုရရှိခြင်းဟာ တစ်ဦးတည်းတစ်ဖွဲ့တည်း၏ ဆောင်ရွက်ချက်ကြောင့်မဟုတ်ဘဲ သက်ဆိုင်သူအားလုံး ပူးပေါင်းဆောင်ရွက်မှုကြောင့် ရရှိခဲ့ခြင်းဖြစ်ပါကြောင်း၊ ဆုရရှိသော အဖွဲ့အစည်းများအနေဖြင့်လည်း မိမိသက်ဆိုင်ရာ နိုင်ငံအသီးသီးနှင့် အာဆီယံဒေသတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေး လုပ်ငန်းများတွင် ယခုထက်ပို၍ အစွမ်းကုန်ပူးပေါင်း ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားပြီး မြန်မာနိုင်ငံမှ အာဆီယံ ခေါင်းဆောင်မှုအရည်အချင်း ဆုရရှိသော Mega Global Green Automation ကုမ္ပဏီနှင့် Techno-Hill Engineering ကုမ္ပဏီတို့ကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။

သတင်းစဉ်