နေပြည်တော် မေ ၁၁
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၉ နာရီတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၌ ဖွင့်လှစ်ထားရှိသည့် အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာနသို့ ရောက်ရှိပြီး မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များ၊ နိုင်ငံတကာမိုးလေဝသ Website များမှ အချက်အလက်များကို ရယူ၍ ဆိုင်ကလုန်းမုန်တိုင်း အာစန်နီနှင့်ပတ်သက်ပြီး လိုအပ်သော ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူအဆင့်ဆင့်၏ တင်ပြဆောင်ရွက်မှုများနှင့်ပတ်သက်၍ လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။
ဦးစွာ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “အာစန်နီ (ASANI)” ၏ တည်နေရာ၊ ဗဟိုလေတိုက်နှုန်း၊ အိန္ဒိယနိုင်ငံ ကမ်းခြေဘက်သို့ မုန်တိုင်းကမ်းကပ်မည့် ခန့်မှန်းရွေ့လျားလမ်းကြောင်းများနှင့်တကွ ဆိုင်ကလုန်းမုန်တိုင်း၏ မြန်မာနိုင်ငံအပေါ် သက်ရောက်နိုင်မှုများကို တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြရာ အမြဲတမ်းအတွင်းဝန်က လိုအပ်သည်များ ဖြည့်စွက်တင်ပြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက အိန္ဒိယနိုင်ငံကမ်းခြေအနီး ကမ်းကပ်ဝင်ရောက်မည့် အာစန်နီမုန်တိုင်းနှင့် ပတ်သက်၍ မုန်တိုင်းဖြစ်ပေါ်နေစဉ် အချိန်ကာလအတွင်း မုန်တိုင်းဖြတ်သန်းမည့် ခန့်မှန်းလမ်းကြောင်းကို နေ့ရက်အချိန်အလိုက် စဉ်ဆက်မပြတ် စောင့်ကြည့်စေလိုပါကြောင်း၊ မုန်တိုင်းသည် မြန်မာနိုင်ငံသို့ တိုက်ရိုက်သက်ရောက်မှု မရှိသေးသော်လည်း မုန်တိုင်းလမ်းကြောင်း ပြောင်းလဲမှုနှင့် ဆက်စပ်သတင်း အချက်အလက်များကို အချိန်မီသိရှိနိုင်ပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းစဉ်များအား အချိန်နှင့်တစ်ပြေးညီ ကြိုတင်စီမံဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ယခု အိန္ဒိယနိုင်ငံ၊ ဩရိဿကမ်းခြေအနီး ဖြစ်ပွားနေသည့် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “အာစန်နီ (ASANI)” နှင့် ပတ်သက်၍ နေ့ရက်အလိုက် ပြောင်းလဲလာသည့် သတင်းအချက်အလက်များကိုလည်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ဆက်လက်ဖြန့်ဝေပေးရန် လိုအပ်ကြောင်း၊ ယခုမုန်တိုင်းအရှိန်ကြောင့် ဖြစ်လာနိုင်သည့် သဘာဝ ဘေးအန္တရာယ်များကို ကြိုတင်မှန်းဆ၍ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများ ကလည်း မိမိတို့ဒေသအလိုက် လိုအပ်သော သဘာဝဘေးစီမံခန့်ခွဲမှု လုပ်ငန်းများကို ကြိုတင်ပြင်ဆင်နိုင်ရေး ဒေသအလိုက် အစိုးရအဖွဲ့များနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးက လက်ရှိ အာစန်နီမုန်တိုင်းဒဏ် ခံရနိုင်သည့် အိန္ဒိယနိုင်ငံ၏ ဘေးတုံ့ပြန်ရေးအစီအမံများ ဆောင်ရွက်ထားရှိမှုကို မပြတ်လေ့လာထားကြရန်နှင့် လိုအပ်သလို အသုံးပြုနိုင်ရေး ဆန်းစစ်မှတ်တမ်းတင်ထားကြရန် လိုအပ်ကြောင်း မှာကြားသည်။
သတင်းစဉ်