Skip to main content

မြန်မာနိုင်ငံ စာရေးဆရာအသင်း တတိယအကြိမ် ညီလာခံကျင်းပရန် အလှူငွေနှင့် သုတရသစာအုပ်များ လှူဒါန်း

ရန်ကုန် မေ ၁၁

မြန်မာနိုင်ငံ စာရေးဆရာအသင်း တတိယအကြိမ်ညီလာခံကို မေ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းအမှတ်(၂၂၈)ရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တတိယအကြိမ်ညီလာခံ ကျင်းပရန် ဦးစိုးဝင်း (တက္ကသိုလ် စိုးယဉ်)-စာရေးဆရာမ မလေးယဉ် မိသားစုက ငွေကျပ်နှစ်သိန်း၊ ဦးခင်ဆွေ(ရွှေစွန်ညို)၊ ဦးစိုးမြင့် (စိုးမှူး)၊ကွယ်လွန်သူ ဆရာ မင်းရိုးယဉ်မိသားစုနှင့် တောင်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်းတို့က ငွေကျပ် တစ်သိန်းစီ၊ ဦးအောင်သန်းဦး (ပုသိမ်အောင်သန်းဦး)၊ နတ်တလင်း မြို့နယ်စာရေးဆရာ အသင်းနှင့် မင်္ဂလာဒုံမြို့နယ် စာရေးဆရာ အသင်းတို့က ငွေကျပ် ငါးသောင်းစီ၊ ကွယ်လွန်သူ စာရေးဆရာ ဆင်တဲဝမြတ်ဘုန်း မိသားစုနှင့် ကဗျာဆရာ တောင်တွင်း မောင်သင်းကျော်တို့က ငွေကျပ် သုံးသောင်းစီ လှူဒါန်းကြသည်။

ထို့ပြင် ဦးစိုးရှိန်(မောင်စိုးထိုက်-သုံးဆယ်)၊ ဦးဖေသန်း(နေမင်းသန်း)၊ မောင်ညီဦး(ကစလ)၊ သန်းဝင်းမြင့် (လူမှုထူးချွန်)နှင့် မောင်ယဉ်ဦး (ဓနုဖြူ)တို့က သုတရသစာအုပ်များ လှူဒါန်းကြကြောင်း သိရသည်။

အဆိုပါ လှူဒါန်းငွေများနှင့် သုတရသစာအုပ်များအား ဘဏ္ဍာငွေရှာဖွေရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူ မောင်နိုင်မိုး)၊ အသင်းအတွင်းရေးမှူး ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်)နှင့် ဗဟိုအမှုဆောင် ကော်မတီဝင်များက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်