Skip to main content

ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် မေးမြန်းချက်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ဖြေကြားချက်

နေပြည်တော် မေ ၁၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် မေးမြန်းချက်ကို အောက်ပါအတိုင်း ဖြေကြားခဲ့ပါသည်-

ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ရောက်မယ့်အမည်စာရင်းကို မေလ ၉ ရက်နေ့က ကျွန်တော်တို့ တောင်းခဲ့ပါတယ်။ ဒီလိုတောင်းခဲ့တဲ့အခါ အခုအချိန်အထိ ငြိမ်းချမ်းရေးမှာ NCA လက်မှတ်ထိုးပြီးသား အဖွဲ့ ၇ ဖွဲ့၊ NCA လက်မှတ်မရေးထိုးထားရသေးတဲ့အဖွဲ့ ၃ ဖွဲ့၊ စုစုပေါင်း ၁၀ ဖွဲ့ တက်ရောက်မယ်ဆိုတဲ့ စာရင်းပေးမှုကို ကျွန်တော်တို့ရရှိပြီးဖြစ်ပါတယ်။ တစ်ချို့အဖွဲ့တွေကတော့ မြင်တွေ့နေရတဲ့အတိုင်းပဲ သူတို့က ကြေညာချက်တွေထုတ်ပြီး မတက်ရောက်ဘူးဆိုတာလည်း တွေ့ရပါတယ်။ တစ်ချို့အဖွဲ့တွေကတော့ သူတို့အဖွဲ့အတွင်းမှာ ညှိနှိုင်းတိုင်ပင်နေဆဲဖြစ်တဲ့အတွက်ကြောင့် စောင့်ကြည့်ချင်တဲ့သဘောပြောတဲ့ အဖွဲ့လည်းရှိပါတယ်။

ဆွေးနွေးပွဲကတော့ ဆွေးနွေးဖို့စာရင်းပေးထားတဲ့ ဒီ EAO အဖွဲ့တွေ သူတို့အဆင်ပြေနိုင်တဲ့ အချိန်ကိုပဲ ကျွန်တော်တို့က ဦးစားပေးပြီး စဉ်းစားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ အမြန်ဆုံးဆွေးနွေးသွားဖို့ ရည်မှန်းထားတာဖြစ်ပါတယ်။ သို့သော် ဒီအဖွဲ့တွေရဲ့ အဖွဲ့တစ်ဖွဲ့ အတွင်းမှာလည်း မတူညီတဲ့အကြောင်းအရာတွေရှိတဲ့အတွက် ဆွေးနွေးပွဲကို ကျွန်တော်တို့က ဘယ်အချိန်လုပ်မယ်ဆိုတာကို သတ်မှတ်ပေးတာထက် သူတို့ဆီကနေ တုံ့ပြန်ချက်တွေရလာတဲ့အချိန်၊ ဒီအပေါ်မှာ ဦးစားပေးပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

NCA လက်မှတ်ရေးထိုးပြီးသား ၇ ဖွဲ့မှာတော့ DKBA အဖွဲ့ပါတယ်။ KNU - KNLA/PC အဖွဲ့ပါ တယ်။ နောက်တစ်ဖွဲ့က ပအိုဝ်းအဖွဲ့ PNLO အဖွဲ့ပါတယ်။ ပြီးရင်တော့ မွန်အဖွဲ့ NMSP အဖွဲ့ပါတယ်။ ပြီးရင် ရခိုင်အဖွဲ့ ALP အဖွဲ့ပါတယ်။ ပြီးရင် ရှမ်းက RCSS(SSA) အဖွဲ့ပါတယ်။ ပြီးရင် လားဟူ LDU အဖွဲ့ပါတယ်။ ဒါကတော့ NCA ထိုးပြီးသား ခုနစ်ဖွဲ့ပေါ့။ NCA မထိုးရသေးတဲ့ သုံးဖွဲ့ကတော့ UWSA “ဝအဖွဲ့ ပါပါတယ်။ NDAA မိုင်းလားအဖွဲ့ပါပါတယ်။ နောက်တစ်ခုကတော့ ရှမ်းအဖွဲ့ SSPP(SSA) ရှမ်းအဖွဲ့ပါပါတယ်။ အဓိကကတော့ ကျွန်တော်တို့က ဒီ ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ်သတ်မှတ်ထားပြီးဖြစ်တယ်။ ဒါကြောင့် နိုင်ငံတော်အကြီးအကဲကိုယ်တိုင်ကလည်း ကိုယ်တိုင်တွေ့ဆုံမယ်ဆိုပြီး ငြိမ်းချမ်းရေးဖိတ်ခေါ်ခဲ့တာရှိပါတယ်။ အဲဒီအပေါ်မှာတော့ သဘောထားအမြင်အမျိုးမျိုးရှိကြတာပေါ့။ ဒီလိုသဘောထားအမြင် အမျိုးမျိုးရှိကြတဲ့အထဲမှာ တစ်ချို့လည်း ထုတ်ပြန်ချက်တွေ ထုတ်ပြန်တာပေါ့။ ကျွန်တော်ပြောချင်တာကတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ EAO တွေထက်ပိုပြီး ပတ်သက်တဲ့သူဘယ်သူတွေရှိဦးမှာလဲ။ ပါဝင်သင့်ပါဝင်ထိုက်တဲ့သူအားလုံးဆိုတဲ့ နေရာမှာ EAO တွေထက် ပါဝင်သင့်ပါဝင်ထိုက်တဲ့သူ ဘယ်သူများရှိဦးမှာလဲ။ ကျွန်တော်သတင်းစာရှင်းလင်းပွဲမှာ ပြောနေသလိုပါပဲ ပုဂ္ဂိုလ်ရေးရာ ထက် ဒီအချိန်ဟာအချိန်ကောင်းပဲဖြစ်တယ်။ အချိန်ကောင်းပဲဖြစ်တဲ့အတွက်ကြောင့် ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ မလာဘူးဆိုတဲ့အဖွဲ့တွေ ဒါတွေကတော့ သူတို့ရဲ့ ငြိမ်းချမ်းရေးပေါ်မှာ ထားရှိတဲ့သဘောထား၊ ပြည်သူလူထုနဲ့ ဒေသခံလူထုပေါ်မှာထားရှိတဲ့သဘောထား ပေါ်လွင်လာတယ်လို့ပဲ ကျွန်တော်ပြောလိုပါတယ်။

ကျွန်တော်တို့ကတော့ ငြိမ်းချမ်းရေးနဲ့ပတ်သက်လာရင် ဦးစားပေးလုပ်ဆောင်သွားမှာဖြစ်တဲ့အတွက် အခုဆွေးနွေးဖို့ပေးထားတဲ့အဖွဲ့များနဲ့ ကျွန်တော်တို့တပ်မတော်နဲ့ နိုင်ငံတော်အစိုးရအနေနဲ့က ဒီမိုကရေစီနဲ့ဖက်ဒရယ်ကိုအခြေခံတဲ့ ပြည်ထောင်စုစနစ်ကို ခိုင်ခိုင်မာမာ အာမခံထားတာဖြစ်တယ်။ ဒါတွေနဲ့ပတ်သက်ပြီးတော့ သူတို့ရဲ့လိုလားချက်တွေကိုပါ ရင်းနှီးပွင့်လင်းစွာ ဆက်လက်ပြီး ဆွေးနွေးသွားမှာဖြစ်တယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်အောင်မြင်ဖို့ဆိုရင် ကျွန်တော်တို့အလေးထားပြီး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။