ပဲခူး မေ ၁၀
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် မင်းလှမြို့ ဝေဠုဝန်ပရိယတ္တိစာသင်တိုက်ဆရာတော် နိုင်ငံတော်ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဘိဓဇမဟာ ရဋ္ဌဂုရုဘဒ္ဒန္တကုဏ္ဍလမဟာထေရ်မြတ်ကြီး၏ ရုပ်ကလာပ်တော်အား သွားရောက်ဖူးမြော်ကြည်ညိုသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက မော်လမြိုင်မြို့ မြစေတီစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ ဝိနယပါဠိပါရဂူဘဒ္ဒန္တဝိမလဗုဒ္ဓိ မဟာထေရ်မြတ်ထံမှ ငါးပါးသီးလ ခံယူဆောက်တည်ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကြွရောက်လာသည့် ဆရာတော်များအား လှူဖွယ် ဝတ္ထုများ ဆက်ကပ်ကာ အန္တိမအဂ္ဂိဈာပန ပွဲတော်အတွက်အလှူငွေကျပ် သိန်း ၁၀၀ ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နိုင်ငံတော်ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တကုဏ္ဍလ မဟာထေရ်မြတ်ကြီး၏ ရုပ်ကလာပ်တော်အား ကတ္တီပါခြုံထည် လွှမ်းခြုံကပ်လှူပူဇော်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မင်းလှမြို့ ပြည်သူ့ဆေးရုံကြီးရှိ ကျန်းမာရေးဝန်ထမ်းများအား တွေ့ဆုံကာ ထောက်ပံ့ငွေများ ပေးအပ်သည်။
မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမသို့ရောက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ လိုအပ်သည်များမှာကြားပြီး မိုးလုံလေလုံအားကစားခန်းမတည်ဆောက်ပြီးစီးမှုနှင့် လက်ပံတန်း-မိုးညို-နတ်တလင်းလမ်း ကွန်ကရစ်ခင်းနေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဆင်မနိုင်ကျေးရွာ တိုက်နယ်ဆေးရုံကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားကြောင်း သိရသည်။
သတင်းစဉ်