နေပြည်တော် မေ ၁၀
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနသည် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မြစ်ကြီးနား၊ ဖျာပုံ၊ စစ်တွေ၊ ရွာငံနှင့် ထားဝယ်မြို့တို့တွင် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများ ကိုဖွင့်လှစ်ထားရှိကာ စက်ချုပ်သင်တန်းများ(မိန်းမဝတ်၊ ကလေးဝတ်၊ ကျားရှပ်၊ တိုက်ပုံ၊ ကုတ်အင်္ကျီ)၊ လက်မှုသင်တန်း၊ မုန့်မျိုးစုံပြုလုပ်နည်းသင်တန်း၊ အစားအစာချက်ပြုတ်နည်း သင်တန်းနှင့် ပန်းအလှပြင် သင်တန်းစသည့် သင်တန်းများကို ဘဏ္ဍာရေးနှစ်တစ်နှစ်လျှင် သင်တန်းအပတ်စဉ် ရှစ်ခု၊ အပတ်စဉ် တစ်ခုလျှင် ခြောက်ပတ်ကြာ သင်ကြားပေးလျက်ရှိသည့်အပြင် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်ကျောင်းများ၌ စနေ၊ တနင်္ဂနွေနေ့များတွင်လည်း အထူးသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
အဆိုပါ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများ၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် သင်တန်းအပတ်စဉ် (၁/၂၀၂၂)ကို မေ ၂ ရက်မှ ဇွန် ၁၀ ရက်အထိကျန်းမာရေးဝန်ကြီး ဌာနကထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ဆိုင်ရာလမ်းညွှန်ချက်များနှင့် အညီဖွင့်လှစ်လျက်ရှိပြီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း ၁၀ ကျောင်းတွင် မေ ၆ ရက်အထိ သင်တန်းသား သင်တန်းသူ ၆၀၄ ဦးနှင့် စနေ၊ တနင်္ဂနွေ အထူးသင်တန်းများတွင် သင်တန်းသား သင်တန်းသူ ၇၀ စုစုပေါင်း ၆၇၄ ဦး (သင်တန်းသား-၂၀ ၊ သင်တန်းသူ- ၆၅၄ ဦး) တက်ရောက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်