Skip to main content

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတက်ရောက်ရန် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် မြန်မာအားကစားအဖွဲ့ ဗီယက်နမ်နိုင်ငံသို့ထွက်ခွာ

ရန်ကုန် မေ ၁၀

ဗီယက်နမ်နိုင်ငံ၌ကျင်းပသည့် (၃၁) ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ တက်ရောက်ရန်မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် မြန်မာအားကစားအဖွဲ့ခေါင်းဆောင် အားကစားနှင့် ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ခေါင်းဆောင်သည့် မြန်မာအားကစားအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာကြသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လိုက်လံပို့ဆောင် နှုတ်ဆက်ကြသည်။

ယနေ့ထွက်ခွာသည့် မြန်မာအားကစားအဖွဲ့တွင် အားကစားအုပ်ချုပ်မှုအဖွဲ့ဝင် ၃၅ ဦး၊ ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အမျိုးသား ဘော်လီဘောအသင်းသား ၁၆ ဦး၊ မြန်မာ့လက်ရွေးစင် ဝူရှူးအသင်းမှ အမျိုးသားခြောက်ဦး၊ အမျိုးသမီးခုနစ်ဦး၊ E-Sportsမှ အမျိုးသား အားကစားသမားတစ်ဦး၊ အပြည်ပြည်ဆိုင်ရာ ဒိုင်လူကြီးတို့ လိုက်ပါသွားကြောင်း သိရသည်။

သတင်းစဉ်