နေပြည်တော် မေ ၉
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ဂျပန်နိုင်ငံ JICA ချေးငွေဖြင့်ဆောင်ရွက်သည့် သံတွဲ - ဂွ - ငါးသိုင်းချောင်းလမ်း (ငါးသိုင်းချောင်း (ရေနံ့သာ) - ဂွလမ်းပိုင်း)ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှင်းလင်းတင်ပြ
ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့အား တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လမ်းဘေးဝဲယာ လမ်းနယ်နိမိတ်သတ်မှတ်ချက် ပြည့်မီအောင်ဆောင်ရွက်ရန်၊ ခရီးသွားယာဉ်များ ဘေးကင်းလုံခြုံမှုအတွက် တောင်တက်အကွေ့ မြေထိန်းနံရံဆောင်ရွက်ထားသည့်နေရာများတွင် လမ်းညွှန်အမှတ်အသားများ တပ်ဆင်ရန်မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရွှေသောင်ယံ - မကျီးဇင် - ကျောက်ချွန် - ဂွ လမ်းပိုင်း လမ်းတစ်လျှောက်နှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်နေသည့် ကြက်သွန်ကွင်း - သဲဖြူ - မကျီးဇင် လမ်းပိုင်းတစ်လျှောက် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တံတားအထူးအဖွဲ့(၈)က တာဝန်ယူတည်ဆောက်နေသည့် ဂွချောင်းတံတားစီမံကိန်း ရှင်းလင်းဆောင်သို့ရောက်ရှိကြပြီး ဒုတိယဝန်ကြီးက လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ အရည်အသွေးစံချိန်စံညွှန်းပြည့်မီရေး၊ လက်ရာသေသပ်ကောင်းမွန်ရေးနှင့် သတ်မှတ်ချိန်ပြီးစီးရေးအတွက် အလေးထားဆောင်ရွက်ရန် မှာကြားသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဂွ-သံတွဲ လမ်းတစ်လျှောက်ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
သတင်းစဉ်