Skip to main content

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ကမ္ဘာ့သတင်းမီဒီယာကောင်စီအထွေထွေညီလာခံ တက်ရောက်

နေပြည်တော် မေ ၉

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)နှင့် ကောင်စီဝင် ဦးအေးချမ်းတို့သည် ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တွင် World Association of Press Councils(WAPC)က ဦးဆောင်ကျင်းပသော ကမ္ဘာ့သတင်းမီဒီယာကောင်စီ အထွေထွေညီလာခံသို့ တက်ရောက်ရန် မေ ၂ ရက် နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်မြို့မှထွက်ခွာခဲ့ကြောင်း သိရသည်။

တက်ရောက်

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်တို့သည် မေ ၃ ရက် နှင့် ၄ ရက်တို့တွင် နိုင်ရိုဘီမြို့ Safari Park Hotel ၌ ကျင်းပသော World Association of Press Councils (WAPC) အဖွဲ့ဝင်နိုင်ငံဥက္ကဋ္ဌများ မိတ်ဆက်တွေ့ဆုံခြင်း၊ အထွေထွေညှိနှိုင်းဆွေးနွေးခြင်းအခမ်းအနားများသို့ တက်ရောက်သည်။

 ဆက်လက်၍ မေ ၅ ရက်တွင် MCK (Media Council of Kenya)၏ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားနှင့် World Association of Press Councils (WAPC) ဥက္ကဋ္ဌ Prof. Dr. Sule. Aker ဦးဆောင်ကျင်းပသော နိုင်ငံအလိုက် အစီရင်ခံစာတင်သွင်းခြင်း အခမ်းအနားများသို့ တက်ရောက်သည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌက အစီရင်ခံစာတင်သွင်းရာတွင် မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသော အခြေအနေများနှင့် ပတ်သက်၍ အရင်းခံကိစ္စရပ်များကို ရှင်းလင်းပြီး လက်ရှိအစိုးရ၏ စစ်မှန်သော ဒီမိုကရေစီနိုင်ငံတည်ဆောက်နိုင်ရေးအတွက် မိမိတို့နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်နေမှုများ၊ ပြည်တွင်း ပြည်ပ သတင်းမီဒီယာအချို့၏ သတင်းတု၊ သတင်းမှားများကြောင့် ဖြစ်ပေါ်ခဲ့သည့်ကိစ္စရပ်များ၊ လက်ရှိအခြေအနေ တိုးတက်ကောင်းမွန်နေမှုများ၊ အစိုးရနှင့် ပြည်သူပူးပေါင်းဆောင်ရွက်မှုများကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှင့် သေဆုံးမှုနှုန်း လျော့နည်းကျဆင်းနေမှုများကို ရှင်းလင်း ပြောကြားပြီး မိတ်ဆွေနိုင်ငံများအနေဖြင့် သတင်းအချက်အလက်အမှန်များ သိရှိလိုပါကမိမိတို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် ဆက်သွယ်ဆောင်ရွက်ပြီး သတင်းအမှန်များကိုသာ ဖြန့်ချိပေးစေလိုကြောင်း ပြောကြားသည်။

သွားရောက်လေ့လာ

World Association of Press Councils (WAPC) အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များသည် မေ ၆ ရက်နှင့် ၇ ရက်တို့တွင် ကင်ညာသတင်းမီဒီယာ ကောင်စီ(KPC) ရုံးချုပ်၊ အကြီးဆုံးရုပ်သံလွှင့်လုပ်ငန်းဖြစ်သော KBC (Kenya Broadcasting Coporation)နှင့် ပုဂ္ဂလိကပိုင် Nations Media Group ၊ နိုင်ရိုဘီ အမျိုးသားသဘာဝဥယျာဉ်များသို့ သွားရောက်လေ့လာခဲ့ကြသည်။

World Association of Press Councils (WAPC)၏ ခြောက်ရက်တာညီလာခံအပြီးတွင် ညီလာခံတက်ရောက်သော အဖွဲ့ဝင်နိုင်ငံများမှဥက္ကဋ္ဌများ လက်မှတ်ရေးထိုးကာ သဘောထားကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး အဆိုပါ ကြေညာချက်မူကြမ်းကို မြန်မာနိုင်ငံက ပုံဖော်ရေးသားပြုစုပေးခဲ့သည်။

ပုံမှန်ပြန်လည်ကျင်းပသွားမည်

ယခုအခါ World Association of Press Councils (WAPC)တွင် အဖွဲ့ဝင်နိုင်ငံပေါင်း ၂၆ နိုင်ငံရှိပြီး တစ်နှစ်လျှင် တစ်ကြိမ်ကျင်းပလေ့ရှိသော ညီလာခံကို ကိုဗစ်-၁၉ ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ် နှင့် ၂၀၂၁ ခုနှစ်တို့တွင် ကျင်းပနိုင်ခြင်းမရှိပေ။ ယခုနှစ်မှ ပြန်လည်ကျင်းပနိုင်ခြင်းဖြစ်ကာ နောင်နှစ်များတွင် ပုံမှန်ပြန်လည် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)နှင့် ကောင်စီဝင် ဦးအေးချမ်းတို့သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

သတင်းစဉ်