နေပြည်တော် မေ ၉
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ (ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူ အနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများအရ အရေးယူ ခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် ဗိုလ်အောင်ဇေယျရပ်ကွက်နေ မြို့မကဖေးဆိုင်ပိုင်ရှင် မီမီမိုးဆန်း(ခ)ဂျမ်းဂျမ်းသည် ၎င်းအသုံးပြုသည့်“Mi Mi Moe Sann” Facebook အကောင့်ı ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် အမှတ်(၃) ရပ်ကွက်နေ မိုးမိုးစန်း၊ သက်သက်ခိုင်၊ စိုးသန်း၊ နေလင်း၊ ဝင်းမြင့်နှင့် ကိုတီးတို့သည် ၎င်းတို့ အသုံးပြုသည့် “Moe Moe San” Facebook အကောင့်၊“ Thet Thet Khaing” Facebook အကောင့်၊ “Soe Than” Facebook အကောင့်၊ “Nay Lin” Facebook အကောင့်၊ “Win Myint” Facebook အကောင့်၊ “Ko Tee” Facebook အကောင့်၊ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ဒဟတ္တောကျေးရွာနေ စိုးမျိုးဦးသည် ၎င်းအသုံးပြုသည့် “Soe Myo Oo” Facebook အကောင့်၊ ပြည်ကြီးတံခွန်မြို့နယ် (ဋ)ရပ်ကွက်နေ ဥမ္မာရီသည် ၎င်းအသုံးသည့် “Ohmar Yee” Facebook အကောင့်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့နယ် အေးသာယာမြို့ အမှတ်(၅) ရပ်ကွက်နေ မြတ်မင်းလတ်(ခ)မင်းမင်း သည် ၎င်းအသုံးပြုသည် “Min Min” Facebook အကောင့်နှင့် ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ဆပ်ပြာကျင်းကျေးရွာနေရတနာသန်းထွန်းသည် ၎င်းအသုံးပြုသည့် “Yadanar Than Htun” Facebook အကောင့်တို့သည် အသိပေးသတင်း ထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရသည်။
ထိုကဲ့သို့ CRPH NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်းပြုလုပ်ခဲ့သူများကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများကို ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်