နေပြည်တော် မေ ၉
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေးဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက် (၁၂) နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများစသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ မေ ၈ ရက်နှင့် ယနေ့တို့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်းရှိ မြို့နယ်ရှစ်မြို့နယ်တို့၌ ဒေသခံပြည်သူ ၂၄၈၁ ဦး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်ငါးမြို့နယ်တို့၌ ဒေသခံပြည်သူ ၁၂၀၅ ဦး၊ ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်နှင့် တာမွေမြို့နယ်တို့၌ ဒေသခံပြည်သူ ၅၀၈ ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ဒေသခံပြည်သူ ၈၈၄၈ ဦး၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၃ မြို့နယ်တို့၌ ဒေသခံပြည်သူ ၉၉၂၃ ဦး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ခုနစ်ခုမှ ဒေသခံပြည်သူ ၄၂၃၈၁ဦး၊ ပဲခူးတိုင်းဒေသကြီး ထန်းတပင်မြို့နယ်၌ ဒေသခံပြည်သူ ၇၈ ဦးတို့ကို တပ်မတော်မှဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည်။
ထို့အတူ ကျောင်းသား ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ မေ ၈ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နှင့် မိုင်းရယ်မြို့တို့၌ ကျောင်းသား ကျောင်းသူ ၁၁ ဦး တို့ကို တပ်မတော်မှဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်