နေပြည်တော် မေ ၉
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည် ယနေ့မွန်းလွဲပိုင်းက စိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်ရေးအကြိုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
ရှင်းလင်းတင်ပြ
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် အစည်းအဝေးခန်းမတွင် အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဆရာ ဆရာမများနှင့်တွေ့ဆုံရာ စိုက်ပျိုးရေး တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာနန်းဆိုင်ဟွမ်းနှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်များ ပါမောက္ခချုပ် ဒေါက်တာ မာမာဝင်းတို့က ကျောင်းများ စတင်လက်ခံပေးနေမှု၊ ကျောင်းသူ ကျောင်းသားအဆောင်များ၊ စာသင်ဆောင်များ ကျောင်းသား ဦးရေ လက်ခံနိုင်မှုပမာဏနှင့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဘေးကင်းလုံခြုံစွာ သင်ကြားသင်ယူနိုင်ရေး စီမံဆောင်ရွက်ထားမှုများက ရှင်းလင်းတင်ပြကြသည်။
စနစ်တကျသင်ကြား
တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ရေဆင်းဒေသသည် အဆင့်မြင့်ပညာသင်ကြားရေးနှင့် သုတေသနဌာနများ တည်ရှိနေပြီး စိုက်ပျိုးပညာ ပြည်ရွာဖွံ့ဖြိုး၊ မွေးမြူ ဆေးကု တိုင်းပြည်ပြု ဆောင်ပုဒ်များနှင့်အညီ အဆင့်မြင့်ပညာရပ်များ မွေးထုတ်ပေးသည့် ရပ်ဝန်းတစ်ခုဖြစ်သည့်အားလျော်စွာ တက္ကသိုလ်များအနေဖြင့် စာတွေ့လက်တွေ့သင်ကြားရေး၊ လေ့ကျင့် ရေး၊ သုတေသနလုပ်ငန်းများကို တိကျသော အချိန်ဇယားခွဲဝေမှုပုံစံဖြင့် စနစ်တကျ သင်ကြားပေးကြရန်လိုကြောင်း၊ အလားတူ အင်တာနက်များကောင်းမွန်စွာ အသုံးပြုနိုင်ပြီး တက္ကသိုလ်များ အချင်းချင်းချိတ်ဆက်၍ နည်းပညာဖလှယ်နိုင်ရေး၊ ရာသီအလိုက် အားကစားပြိုင်ပွဲများ၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအခြေခံသည့် အခမ်းအနားများ၊ ကျပန်းစကားပြောပွဲများ စသည်တို့ ဆောင်ရွက်ပေးပြီး ပတ်ဝန်းကျင်နှင့် သဟဇာတညီစွာဝင်ဆံ့သည့် ဘက်စုံထူးချွန်သူများဖြစ်စေရေး စနစ်တကျ စီမံဆောင်ရွက်ကြစေလိုကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါနှင့် အခက်အခဲမျိုးစုံကို ရင်ဆိုင်ကျော်လွှားပြီး ဆရာသမား ကောင်းများပီသစွာ အားထုတ်ကြိုးပမ်းဆောင်ရွက်နေမှုများအပေါ် မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း ပြောကြားသည်။
လှည့်လည်ကြည့်ရှုစစ်ဆေး
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စာသင်ဆောင်များ၊ လက်တွေ့ဆောင်များ၊ သုတေသနဓာတ်ခွဲခန်းများ၊ စာကြည့်တိုက်နှင့် စားရိပ်သာများ၊ ကျောင်းသား ကျောင်းသူအဆောင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျောင်းများ ပိတ်ထားခဲ့ရသဖြင့် ဆုံးရှုံးခဲ့ရသော စာသင်ကာလများ အစားထိုးဖြည့်ဆည်းပေးနိုင်ရန် စီမံဆောင်ရွက်မှုကြောင့် သင်ကြားမှု သင်ယူမှုအရည်အသွေး ထိခိုက်မှုမရှိစေရေး၊ ကျောင်းတက်ရန် အခက်အခဲရှိသည့် ကျောင်းသား ကျောင်းသူများ ကျောင်းတက်နိုင်ကြရန် တတ်နိုင်သည့်ဘက်က ကူညီဖြည့်ဆည်းပေးရန် လိုအပ်ချက်များ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၏ မိသားစုများနေရေး၊ စားရေး၊ ကျန်းမာရေးနှင့် သက်သာချောင်ချိရေးဆိုင်ရာများကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ရေဆင်းဆည်သို့ ရောက်ရှိကြပြီး ရေဆင်းဆည်ရေ သောက်အတွင်း သီးနှံများစိုက်ပျိုး ထုတ်လုပ်နေမှုနှင့် ဆည်ရေပေးဝေနေမှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး တောင်သူအတွက် ဝင်ငွေအများဆုံး သီးနှံပုံစံဖော်ထုတ်ပေးရေး၊ မြေဆီဩဇာထက်သန်ရေး၊ သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာများ စနစ်တကျအသုံးပြုရေး၊ တစ်နှစ် (၂) သီးစားမှ (၃) သီးစားအထိ တိုးချဲ့စိုက်ပျိုး ထုတ်လုပ်နိုင်ရေး၊ စိုက်ကွင်းများရေသွင်း ရေထုတ်မှန်ကန်ရေးနှင့် ရေတင် နည်းမျိုးစုံဖြင့် စိုက်ပျိုးရေအသုံးပြုနိုင်ရေး၊ ဒေသစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် တက္ကသိုလ်များ၊ သုတေသနဌာနများနှင့် သက်ဆိုင်ရာဦးစီးဌာနများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ ကြောင်း သိရသည်။
သတင်းစဉ်