Skip to main content

အလုပ်သမားဝန်ကြီးဌာန အလုပ်သမားဆက်ဆံရေးဆိုင်ရာ တာဝန်ခံအရာထမ်းများ၏ လုပ်ငန်းခွင်စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်ပွဲကျင်းပ

နေပြည်တော် မေ ၉

အလုပ်သမားဝန်ကြီးဌာန အလုပ်သမားဆက်ဆံရေးဆိုင်ရာ တာဝန်ခံအရာထမ်းများ၏ လုပ်ငန်းခွင်စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

ဆွေးနွေးဖလှယ်ကြရန်လို

အခမ်းအနားတွင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေး ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေအား သုံးသပ်နိုင်ရန်အတွက် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နေသည့် တာဝန်ခံအရာထမ်းများမှ တင်ပြလာသော အားသာချက်၊ အားနည်းချက်၊ အခက်အခဲနှင့် စိန်ခေါ်မှုများကို အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန၏ အရာထမ်းများနှင့် တာဝန်ခံအရာထမ်းများအချင်းချင်း ဆွေးနွေးဖလှယ်ကြရန်လိုကြောင်း၊ သို့မှသာ အလုပ်ရှင်နှင့် အလုပ်သမားအကြားဖြစ်ပွားသော အငြင်းပွားမှုများကို အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ ထိရောက်စွာ ဖြေရှင်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ပြီး တာဝန်ခံအရာထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်လာစေမည်ဖြစ်ကြောင်း။

အကောင်အထည်ဖော်ဆောင်ရွက်

အရာထမ်းများအနေဖြင့် ဦးစီးဌာနများမှ စည်းကြပ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များကို ကောင်းမွန်ကျေညက်စွာသိရှိမှသာ အလုပ်သမားရေးရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် အလုပ်သမားဥပဒေပါ အကျိုးခံစားခွင့်များကို မှန်ကန်စွာနှင့် မြန်ဆန်စွာရရှိရေး ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊ တာဝန်ခံ အရာထမ်းများအနေဖြင့် မိမိတို့၏ လုပ်ပိုင်ခွင့်နှင့်တာဝန်များကို ကျင့်သုံး၍ အလုပ်သမားများ၏ ဥပဒေပါ ရပိုင်ခွင့်များကိုမှန်မှန်နှင့် အပြည့်အဝခံစားရရှိစေရေး ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်ပေးကြစေလိုကြောင်း။

တိုးမြှင့်ဖွဲ့စည်းနိုင်ရေး အလေးထား

အငြင်းပွားမှုများနှင့်စပ်လျဉ်း၍ အောက်ခြေအဆင့်တွင်အမှုများ ပြီးပြတ်မှုရှိစေရေးအတွက် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေအရ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဖြင့် ညှိနှိုင်းဖျန်ဖြေရာတွင် အလုပ်ရှင်၊ အလုပ်သမားများ၏ လိုလားချက်များအပေါ် နှစ်ဖက်ပြေငြိမ်းမှုရရှိစေရေး အတတ်နိုင်ဆုံးဖျန်ဖြေရေးအရာထမ်း၏ ညှိနှိုင်းဖျန်ဖြေမှုစွမ်းရည် ပြည့်ဝစွာဖြင့် ဖျန်ဖြေညှိနှိုင်းပေးခြင်း၊ အငြင်းပွားမှုအဖြစ်မရောက်ရှိစေရေး အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) တွင် ဆွေးနွေးညှိနှိုင်းမှု ပိုမိုဆောင်ရွက်စေခြင်းနှင့် အလုပ်သမားရေးရာလုပ်ငန်း ညှိနှိုင်းရေးကော်မတီတိုးမြှင့်ဖွဲ့စည်းနိုင်ရေး အလေးထားတွန်းအားပေး လုပ်ဆောင်ကြရန်လိုကြောင်း ပြောကြားသည်။

ဖွင့်ပွဲအခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ဌာနဆိုင်ရာအရာရှိကြီးများ၊ အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနရုံးချုပ်မှ အရာထမ်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ်/ မြို့နယ်ရုံးခွဲများမှ အရာထမ်းများ တက်ရောက်ကြသည်။

သတင်းစဉ်