ရန်ကုန် မေ ၉
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်များနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌများနှင့် ကောင်စီဝင်များ တက်ရောက်ကြသည်။
ထိခိုက်နစ်နာနေ
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ယနေ့အချိန်တွင် မိမိတို့နိုင်ငံ တည်ငြိမ်အေးချမ်းမှုကို မလိုလားသူများက နည်းအမျိုးမျိုးဖြင့် နှောင့်ယှက်ဆောင်ရွက်နေကြသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် အပြစ်မဲ့ပြည်သူအချို့ကို ဒလန်ဟုစွပ်စွဲကာ အကြောင်းမဲ့သတ်ဖြတ်မှုများ ဆောင်ရွက်နေကြသည်ကို တွေ့မြင်ရသည့်အတွက် လွန်စွာ စိတ်မကောင်းဖြစ်ရပါကြောင်း၊ လူပုဂ္ဂိုလ်အချို့၏ မမှန်မကန် သွေးထိုးမြှောက်ပင့်မှုများကြောင့် ဒီမိုကရေစီနှင့် မယဉ်ပါးသေးသည့် လူငယ်လူရွယ်အချို့ လမ်းမှားရောက်ကာ ၎င်းတို့၏ အနာဂတ်များ ထိခိုက်နစ်နာနေသည်က တွေ့မြင်နေရပါကြောင်း။
နည်းလမ်းများဖြင့် ဆောင်ရွက်
မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြည်သူများ အသိအမြင်၊ အတွေးအခေါ်မှန်ကန်ပြီး နေ့စဉ်လူမှုဘဝများကို အေးချမ်းစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် မီဒီယာနည်းလမ်းများဖြင့် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယနေ့အချိန်တွင် မိမိတို့၏ သတင်းမှန်ထုတ်ပြန်ရေးလုပ်ငန်းများကို မသမာသူများက ဟန့်တားနှောင့်ယှက်နေကြပါကြောင်း၊ တစ်နည်းအားဖြင့် ဒီမိုကရေစီအမည်ခံ အဖျက်သမားများက ၎င်းတို့၏ မဟုတ်မမှန်ဝါဒဖြန့် ပြောဆိုမှုများ ဆောင်ရွက်နိုင်ရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာနက ဆောင်ရွက်နေသည့် သတင်းအချက်အလက်ဖြန့်ဝေသည့် သတင်းမီဒီယာလုပ်ငန်းများကို ဟန့်တားနှောင့်ယှက်နေကြောင်း၊ မိမိတို့၏ မီဒီယာလုပ်ငန်းများကို မည်သို့ပင် ဟန့်တားနှောင့်ယှက်စေကာမူ နိုင်ငံနှင့်ပြည်သူ့အတွက် နည်းလမ်းမျိုးစုံဖြင့် မိမိတို့ကြိုးပမ်းဆောင်ရွက်နေမည်ဖြစ်ကြောင်း။
စီစဉ်ဆောင်ရွက်လျက်ရှိ
ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူများအား သတင်းအချက်အလက်ထုတ်ပြန်ရေး လုပ်ငန်းများသာမက လူငယ်လူရွယ်များ၏ စာရိတ္တကောင်းမွန်စေရေးနှင့် စိတ်နေသဘောထား မှန်ကန်ကောင်းမွန်စေရေးအတွက် ပြည်သူ့နီတိနှင့် ၃၈ ဖြာ မင်္ဂလာတို့ကို ဇာတ်သဘင်ပညာ ရှင်များနှင့်ပူးပေါင်း၍ ရိုက်ကူးထုတ်လွှင့်ပြသနိုင်ရန်လည်း စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီဝင်များအနေဖြင့် နိုင်ငံတော်၏ ပကတိအခြေအနေအပေါ် မှန်ကန်စွာသိမြင်ပြီး နိုင်ငံတော်နှင့် ပြည်သူများ၏အကျိုးအတွက် လုပ်ကိုင်ဆောင်ရွက်ပေးကြပါဟု မေတ္တာရပ်ခံလိုပါကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင် ရွက်နေသည့် လုပ်ငန်းများ၊ အေးချမ်းတည်ငြိမ်မှုရှိစေရေးအတွက် ဆောင်ရွက်မှုအခြေအနေများနှင့် သတင်းမီဒီယာသမားများက ကျင့်ဝတ်သိက္ခာစောင့်ထိန်း၍ သတင်းတု၊ သတင်းမှားများ ဝိုင်းဝန်းတိုက်ဖျက်ပေးရန် လိုအပ်နေမှုအခြေအနေများကို ဆွေးနွေးပြောကြားသည်။
ဆွေးနွေးတင်ပြ
ယင်းနောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဒုတိယဥက္ကဋ္ဌ (၁) ဦးမျိုးထွန်း (မောင်စိမ်း နောင်-လယ်ဝေး)နှင့် ကောင်စီဝင်များက သတင်းတု၊ သတင်းမှားများ တိုက်ဖျက်ရေးနှင့် လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စများကို ဆွေးနွေးတင်ပြကြသည်။
ပိုမိုရေးသားထုတ်ဝေ
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုစိစစ်ရွေးချယ်ရေးအဖွဲ့များမှ စာပေပညာရှင်ကြီးများနှင့်တွေ့ဆုံ၍ ပြန်ကြားရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် သတင်းပြန်ကြားရေးလုပ်ငန်းများ အခြေအနေနှင့် စာဆိုဗိမာန် အဆောက်အအုံတည်ဆောက်ရေး အခြေအနေများကိုလည်းကောင်း၊ အနာဂတ်ကို တာဝန်ယူကြမည့် လူငယ်များအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများကိုလည်းကောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ အနုပညာဗဟိုဌာန အဆောက်အအုံများတည်ဆောက်ရန် စီစဉ်ဆောင်ရွက်ပေးနေမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းပြောကြားပြီး စာအုပ်စာပေကောင်းများကို ပိုမိုရေးသားထုတ်ဝေပေးရန် တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အမျိုးသား စာပေဆုနှင့် စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့ဝင် စာပေပညာရှင်ကြီးများက အမျိုးသားစာပေဆုဆိုင်ရာ ရွေးချယ်ရေး ကိစ္စများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်