နေပြည်တော် မေ ၉
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မဟာမုနိဘုရားကြီးအနီး မဟာမုနိ ယာယီတိုက်ပွဲရှောင်စခန်းရှိ သာစည်ကျေးရွာမှ ခေတ္တလာရောက်နေထိုင်သည့် မရွှေစော(ဘ)ဦးစောထွန်းသာ၏ ဓနိမိုး၊ ဝါးထရံကာ၊ ဝါးခင်း နေအိမ်၌ ယနေ့နံနက် ၁ နာရီခွဲခန့်တွင် ထမင်းဟင်းချက်ပြုတ်ထားသော မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ကျောက်တော်မြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ယာယီတိုက်ပွဲရှောင်စခန်းမှ ပြည်သူများပူးပေါင်း၍ မီးသတ်ယာဉ်များဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့သဖြင့် နံနက် ၆ နာရီခန့်တွင် မီးငြိမ်းသွားခဲ့သည်။
မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန်ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ယာယီတိုက်ပွဲ ရှောင်နေအိမ် ၂၆၂ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။ ၎င်းမီးလောင်မှုဖြစ်ပွားရာနေရာသို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့အပြင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနတို့မှ မီးဘေးသင့်တိုက်ပွဲရှောင် ပြည်သူများအတွက် ထောက်ပံ့သည့် ဆန်အိတ် ၇၈ အိတ်၊ ဆီ ၂၆၂ ပိဿာ နှင့် စားသောက်ဖွယ်ရာများ၊ လူသုံးကုန်ပစ္စည်း ၁၃ မျိုးပါရှိသည့် Family Kit ၂၆၂ လုံးကို တာဝန်ရှိသူများက သက်ဆိုင်ရာ မီးဘေးသင့်အိမ်ထောင်စုဝင်များထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။