Skip to main content

လက်ထောက်ညွှန်ကြားရေးမှူးများနှင့် ဦးစီးအရာရှိများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်းအမှတ်စဉ် (၂/၂၀၂၂ ) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် မေ ၉

လက်ထောက်ညွှန်ကြားရေးမှူးများနှင့် ဦးစီးအရာရှိများ မွမ်းမံသင်တန်းအမှတ်စဉ် (၂/၂၀၂၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမတွင် ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်  ဒေါက်တာကံဇော်က ယခုသင်တန်းကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းများ၏ စစ်ဆေးရေးစွမ်းဆောင်ရည် တိုးတက်မြင့်မားလာစေရန်၊ အသိပညာဗဟုသုတ တိုးပွားလာစေရန်နှင့် လက်တွေ့လုပ်ငန်းခွင်တွင် ထိရောက်စွာ ပြန်လည်အသုံးချနိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ လက်ထောက် ညွှန်ကြားရေးမှူးများနှင့် ဦးစီးအရာရှိများသည် စစ်ဆေးရေးအဖွဲ့ကို ဦးဆောင်လမ်းညွှန်ရသူများ ဖြစ်သဖြင့် အရည်အချင်းနှင့် အရည်အသွေးများ ပြည့်ဝစေရန်အတွက် စဉ်ဆက်မပြတ် လေ့ကျင့်သင်ကြားနေရန် လိုအပ်ကြောင်း၊ စစ်ဆေးရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ထိရောက်အောင်မြင်စွာ ပြီးမြောက်နိုင်ရန်အတွက် ကောင်းမွန်သည့် Auditor-Auditee Relationship ပေါင်းသင်းဆက်ဆံရေး နယ်ပယ်ကောင်းများ တည်ဆောက်နိုင်ရန်လည်း လိုအပ်ကြောင်း။

ယခုသင်တန်းတွင် သင်ကြားမည့် ဘာသာရပ်များသည် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ မဟာဗျူဟာလုပ်ငန်းစီမံချက်ပါ ရည်မှန်းချက်တစ်ခုဖြစ်သည့် ဘဏ္ဍာရေးစာရင်းစစ်ဆေးခြင်း၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းလိုက်နာမှု ရှိ၊ မရှိ စစ်ဆေးခြင်း၊ လုပ်ငန်းအကောင်အထည်ဖော်မှု စစ်ဆေးခြင်းများကို ပြည်တွင်းစံများ၊ နိုင်ငံတကာစစ်ဆေးရေးစံများနှင့်အညီ လုပ်ငန်းခွင်သုံး စစ်ဆေးရေးလက်စွဲများဖြင့် သင်ကြားပို့ချသွားမည်ဖြစ်၍ ဘာသာရပ်အလိုက်ပါဝင်သည့် အကြောင်းအရာများကို လက်တွေ့လုပ်ငန်းခွင်တွင် ထိရောက်အကျိုးရှိစွာ ပြန်လည်အသုံးချနိုင်ရန် ရှင်းလင်းကြေညက်စွာ နားလည်သိရှိအောင် သင်ယူကြစေလိုကြောင်း။

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှစတင်၍  နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အချိန်မီလုပ်ဆောင်နိုင်စေရန်၊ ဘဏ္ဍာရန်ပုံငွေများကို တိကျမှန်ကန်ပြီး အချိန်နှင့်တစ်ပြေးညီ သုံးစွဲနိုင်မှု ရှိ၊ မရှိကို သိရှိနိုင်စေရန်အတွက် အချိန်နှင့်တစ်ပြေးညီ စစ်ဆေးခြင်း (Real time Audit) ကို အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်သဖြင့် ကြိုတင်လေ့လာပြင်ဆင်မှုများ ပြုလုပ်ထားရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နေပြည်တော်သင်တန်းကျောင်း ကျောင်းအုပ်ကြီးက သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားသည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး)၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

အဆိုပါသင်တန်းသို့ လက်ထောက်ညွှန်ကြားရေးမှူး (၂၁)ဦးနှင့် ဦးစီးအရာရှိ (၂၈) ဦး၊ စုစုပေါင်း (၄၉) ဦး တက်ရောက်ကြမည်ဖြစ်ပြီး ISSAI Based Financial Audit, ISSAI Based Performance Audit, ISSAI Based Compliance Audit အပါအဝင် ဘာသာရပ်(၆)ခုကို (၃)ပတ်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)