ရန်ကုန် မေ ၈
ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ရှိ ဆူးလေရှန်ဂရီလာဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့်က ယခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ဆောင်ပုဒ်မှာ ‘Be Human Kind- ကြင်နာစိတ်ထား ကြက်ခြေနီများ လူတိုင်း အပေါ် ကူညီသွား’ ဖြစ်ကြောင်း၊ ဆောင်ပုဒ်၏ ရည်ရွယ်ချက်မှာ ယနေ့ကမ္ဘာပေါ်တွင် ရင်ဆိုင်ကြုံတွေ့နေရသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ၊ ရာသီဥတုပြောင်းလဲမှုများ၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အရေးပေါ်အခြေအနေများ၊ ပဋိပက္ခများ ပြည့်နှက်နေသည့် အချိန်ကာလတွင် ကြက်ခြေနီအခြေခံမူ (၇)ချက်မှ လူသားချင်းစာနာထောက်ထားခြင်းဆိုသည့်အချက်ကို ရပ်ရွာလူထုအားလုံးထံ ပျံ့နှံ့ရောက်ရှိရန် လိုအပ်နေသည့် အချိန်ကာလဖြစ်ကြောင်း၊ ယခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့တွင် ကျွန်ုပ်တို့၏ အကြင်နာမေတ္တာများဖြင့် ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ လူတိုင်း၏ဘဝတွင် ကြီးမားသော ပြောင်းလဲမှုဖြစ်စေနိုင်သည့် ကြင်နာမှုများဖြင့် အကူအညီလိုအပ်နေသူများကို ဆက်လက်ကူညီပေးသွားကြရန်အတွက် ဤဆောင်ပုဒ်ဖြင့် ဂုဏ်ပြုခြင်းဖြစ်ပါကြောင်း
ပြောကြားသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC) မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ် Mr.Stephan Pierrre Sakalianနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့်လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း(IFRC) မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Nadia Khouryတို့က အထိမ်းအမှတ်စကားများ ပြောကြားကြသည်။
ဆက်လက်၍ ၂၀၂၂ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အဖြစ် ကြက်ခြေနီလှုပ်ရှားမှု မှတ်တမ်းဗီဒီယိုကို ပြသသည်။
ယင်းနောက် မြန်မာနိုင်ငံကြက်ခြေနီသူနာပြုတပ်ဖွဲ့တွင် အသက် ၆၅ နှစ် ပြည့်သည်အထိ တာဝန်ထမ်းဆောင်ခဲ့သော ကြက်ခြေနီတပ်ဖွဲ့ဝင်များကို ဂုဏ်ပြုချီးမြှင့်ပြီး မြန်မာနိုင်ငံ ကြက်ခြေနီအသင်း စေတနာလုပ်အားရှင်များ၏ စကားသံမှတ်တမ်း ဗီဒီယိုကိုပြသသည်။
ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌက မြို့နယ်ကြက်ခြေနီအသင်းခွဲများ၏ လိုအပ် ချက်များကို အစဉ်တစိုက် ဖြည့်ဆည်းပေးခဲ့ကြသည့် အလှူရှင်များဖြစ်ကြသည့် အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးလှထွန်းနှင့် TTO Pharm Co,Ltd မှ ဦးထွန်းထွန်းဦး မိသားစုတို့ကို ဂုဏ်ပြုမှတ်တမ်းလွှာ များ ချီးမြှင့်ကြသည်။
ကြက်ခြေနီကို စတင်တည်ထောင်ခဲ့သူ ဟင်နရီ ဒူးနန့်၏ မွေးနေ့ဖြစ်သည့် မေ ၈ ရက်တွင် ကမ္ဘာ့ ကြက်ခြေနီနေ့အခမ်းအနားများကို ကမ္ဘာတစ်ဝန်းလုံးရှိ အမျိုးသားကြက်ခြေနီ လခြမ်းနီအသင်း များက ကျင်းပပေးလျက်ရှိပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် ယခုနှစ်ကမ္ဘာ့ကြက်ခြေနီနေ့ကို အသက်ပေါင်းများစွာ ကယ်တင်ရန်နှင့်ပိုမိုကျန်းမာကောင်းမွန်သောဘဝများ ပြောင်းလဲရေး အတွက် လူမှုကရုဏာဆိုင်ရာ ဝန်ဆောင်မှုများဆောင်ရွက်ရန် ကတိကဝတ်ပြုထားကြသည့် ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် ဝန်ထမ်းများ၏ရဲစွမ်းသတ္တိနှင့် အောင်မြင်မှုများကို ချီးကျူးဂုဏ်ပြုသည့်အနေဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်