Skip to main content

ဒုတိယဝန်ကြီး ဦးဝင်းဖေ B.O.T စနစ်ဖြင့် ဆောင်ရွက်နေသည့် ရန်ကုန် - ပုသိမ်လမ်းနှင့် ယင်းလမ်းတစ်လျှောက် လမ်းအသုံးပြုခ ကောက်ခံနေသည့် တိုးလ်ဂိတ်များ ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၈

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးဝင်းဖေသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် Oriental Highway Company မှ B.O.T စနစ်ဖြင့် ဆောင်ရွက်နေသည့် ရန်ကုန်-ပုသိမ်လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ထိုသို့စစ်ဆေးစဉ် လမ်းပြုပြင်ထိန်းသိမ်းမှုနှင့် မိုင်တိုင်(၅/၄) မှ (၁၇/၄)ထိ (၁၂)မိုင် ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်ပြီးစီးမှု၊ တိုးလ်ဂိတ် ကောက်ခံနေမှုအခြေအနေများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက နေ့စဉ်ယာဉ်သွားလာမှု (AADT-Average Annual Daily Traffic) အရ ကုန်စည်စီးဆင်းမှု၊ ခရီးသွားယာဉ်များသွားလာမှုနှင့် တိုးလ်ဂိတ်ကောက်ခံရရှိမှုအခြေအနေတို့ကို စနစ်တကျဆောင်ရွက်ရန်၊ လမ်းများသက်တမ်း ပြည့်မီစွာအသုံးပြုနိုင်ရေးအတွက် သတ်မှတ်ထားသည့် လမ်းခံနိုင်ဝန်ထက် ပိုမိုတင်ဆောင်သွားလာသည့် တန်ပိုယာဉ်များကို သတ်မှတ်နှုန်းဖြင့် ဒဏ်ကြေးပေးဆောင်စေရန်မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-ပုသိမ်လမ်း မိုင်(၄၂ / ၆ - ၄၃ / ၀) နေရာရှိ လမ်းဦးစီးဌာန ဗိုလ်မြတ်ထွန်းဂိတ် (လမ်း၊ တံတား အသုံးပြုခ ကောက်ခံရေးစခန်း)သို့ ကွင်းဆင်း စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့အား ရန်ကုန်-ပုသိမ်လမ်း မိုင်(၈၆/၂)လမ်းစခန်းရှင်းလင်းဆောင်၌ မိုင်(၇၄/၅ - ၉၆/၅)အတွင်း (၂၂)မိုင်ကို လာမည့်ဘဏ္ဍာရေးနှစ်တွင် Premix ဖြင့် ကတ္တရာလမ်းပေါက်ဖာခြင်းနှင့်လမ်းအနိမ့်အမြင့်ညှိ၍ ကတ္တရာလမ်းခင်းခြင်း ဆောင်ရွက်မည့် အခြေအနေကို ညွှန်ကြားရေးမှူးဦးရန်နိုင်ဇော်က ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် မိုးရာသီကာလမတိုင်မီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းနှင့်မိုးရာသီကာလအတွင်း ပြင်ဆင်ထိန်းသိမ်းခြင်းဆောင်ရွက်ရမည့်လုပ်ငန်းဟူ၍ ခွဲခြားဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းဆောင်ရွက်မည့် လမ်းအထူးအဖွဲ့သုံးဖွဲ့နှင့် မအူပင်ခရိုင်၊ ပုသိမ်ခရိုင်များအနေဖြင့် ကြိုတင်ပြင်ဆင်ထားသည့် စီမံချက်များအတိုင်း ဟန်ချက်ညီစွာ စနစ်တကျဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်