ရန်ကုန် မေ ၈
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ဗိုလ်တထောင်မြို့နယ်ရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပုံနှိပ်သူ၊ ထုတ်ဝေသူလုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ယနေ့ရေးသားပြောဆိုမှုများ၊ ထုတ်ဝေမှုများသည် နောင်တစ်ချိန်တွင် မှတ်တမ်းမှတ်ရာအဖြစ် ကျန်ရှိနေမည်ဖြစ်သည့်အတွက် မိမိတို့ ရေးသားထုတ်ဝေပြောဆိုမှုများကို သာမန်အဆင့်သဘောမျိုးထား၍မရဘဲ အလေးအနက်ထား၍ ရေးသားပြောဆိုကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် ပုံနှိပ်ခြင်းလုပ်ငန်း/ထုတ်ဝေခြင်းလုပ်ငန်းများကို သက်ဆိုင်ရာ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ ကျင့်ဝတ်များနှင့်အညီ ဆောင်ရွက်ပေးကြရန်နှင့် တက်ရောက်လာသူများအားလုံးက ဝိုင်းဝန်းထိန်းသိမ်း ကြပ်မတ်ပေးကြရန် မေတ္တာရပ်ခံလိုပါကြောင်း။
မကြာသေးမီက ညစ်ညမ်း စာအုပ်ထုတ်ဝေခဲ့သော ထုတ်ဝေသူနှင့်ပုံနှိပ်သူများကို သက်ဆိုင်ရာ ဥပဒေနှင့်အညီတရားစွဲဆို ဆောင်ရွက်ခဲ့ရပါကြောင်း၊ ထိုသို့တရားစွဲဆိုဆောင်ရွက်ခြင်းမှာ လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်ကို ပိတ်ပင်ဟန့်တားခြင်းမျိုးမဟုတ်ဘဲ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေ ခြင်းလုပ်ငန်းဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာခြင်းမရှိသည့်အတွက် သက်ဆိုင်ရာဥပဒေနှင့်အညီ မလွှဲမရှောင်သာ ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် ထိုသို့အရေးယူဆောင်ရွက်ခြင်းသည် မိမိတို့မြန်မာ့လူ့အဖွဲ့အစည်းက လက်ခံနိုင်ဖွယ်မရှိသော ဟီရိဩတ္တပ္ပတရားကင်းမဲ့သည့် ရေးသားထုတ်ဝေမှုများကို စနစ်တကျကြပ်မတ်ဆောင်ရွက်နေ ခြင်းပင်ဖြစ်သည်ဟု ပြောလိုပါကြောင်း၊ ယနေ့အချိန်တွင် မိမိတို့နိုင်ငံ၏ သတင်းမှန်ထုတ်ပြန်ရေးနှင့်သတင်းမှားများ တိုက်ဖျက်ရေးအတွက် ရည်ရွယ်လုပ်ဆောင်နေသည့် မီဒီယာလုပ်ငန်းများကို မသမာသူများက နည်းမျိုးစုံဖြင့် ဟန့်တားနှောင့်ယှက်နေသည်ကို ကြုံတွေ့နေရပါကြောင်း။
ထို့ပြင် လူမှုကွန်ရက်မီဒီယာတွင် လူပုဂ္ဂိုလ်အချို့၏ အမုန်းစကားများ၊ ပဋိပက္ခကိုလှုံ့ဆော်ရာရောက်သည့် ရေးသားပြောဆိုမှုများကိုလည်း တွေ့မြင်ရသည့်အတွက် လွန်စွာစိတ်မကောင်း ဖြစ်ခဲ့ရပါကြောင်း၊ မိမိတို့အနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၏ မီဒီယာလုပ်ငန်းများကိုမည်သို့ပင် ဟန့်တားနှောင့်ယှက်ကြသည် ဖြစ်စေပြည်သူများထံ သတင်းမှန်များ စီးဆင်းရေးနှင့်သတင်းမှားများ တိုက်ဖျက်ရေးအတွက် နည်းမျိုးစုံဖြင့် ကြိုးစားဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ယနေ့ မိမိတို့အားလုံးစိတ်ရောကိုယ်ပါ ကြိုးပမ်းဆောင်ရွက်မှုများသည် အနာဂတ်နိုင်ငံတော်နှင့် အနာဂတ်မြန်မာ့လူ့အဖွဲ့အစည်းအတွက် လုပ်သင့်လုပ်ထိုက်သည်များအား ရည်ရွယ်ဆောင်ရွက်နေခြင်း ဖြစ်သည်ကိုမှန်ကန်စွာသိမြင် ပြီး ပူးပေါင်းဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေနှင့်အညီ ကြီးကြပ်ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ပုံနှိပ်သူ၊ ထုတ်ဝေသူလုပ်ငန်းရှင်များက အသီးသီးဆွေးနွေးတင်ပြကြောင်း သတင်းရရှိသည်။
သတင်းစဉ်