နေပြည်တော် မေ ၇
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှိုင်သာယာ-တွံတေးလမ်းပိုင်း ပြုပြင်ထိန်းသိမ်းထားရှိမှု၊ တွံတေးတူးမြောင်းကို ဖြတ်ကျော်၍ တွံတေး-မအူပင်လမ်းနှင့် ချိတ်ဆက်နိုင်မည့် လမ်း/ တံတားအခြေအနေနှင့် တွံတေး-မအူပင်လမ်း အဆင့်မြှင့်တင် ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တွံတေး-မအူပင်လမ်း မိုင်တိုင် (၂၀/၆)နှင့် (၂၀/၇)အကြား နှစ်လမ်းသွား ကွန်ကရစ်တံတား တည်ဆောက်ပြီးစီးမှုနှင့် တံတားချဉ်းကပ်လမ်းနှင့် လမ်းမကြီးဆက်စပ်သည့်နေရာ ရေတိုက်စားမှုမရှိစေရေး နည်းပညာသစ် အသုံးပြုကာကွယ် ထိန်းသိမ်းထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တွံတေးကြိုးတံတားဟောင်း ကြံ့ခိုင်မှုကို ကြည့်ရှုစစ်ဆေးပြီး တွံတေးတူးမြောင်းကို ဖြတ်ကျော်တည်ဆောက်နေသည့် ဆိပ်ကြီးခနောင်တိုတံတား တည်ဆောက်ရေးလုပ်ငန်းသို့ ရောက်ရှိရာ လုပ်ငန်းခွင်ရှင်းလင်းဆောင်၌ တံတားတည်ဆောက်ရေး တာဝန်ခံ ညွှန်ကြားရေးမှူးက ဆိပ်ကြီးခနောင်တို မြို့နယ်နှင့် ဒလမြို့နယ်တို့ကို ဆက်သွယ်မည့် ဆိပ်ကြီးခနောင်တို တံတားတည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်နှင့် မြေယာလျော်ကြေး ဆောင်ရွက်ပြီးစီးမှုတို့ကို ရှင်းလင်းတင်ပြရာ တံတားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ရှင်းလင်းသည်။
ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက တံတားတည်ဆောက်ရေး လုပ်ငန်းများ သတ်မှတ်ချိန်အမီပြီးစီးရေး အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ရန် လိုကြောင်း၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး အလေးထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြားပြီး တံတားတည်ဆောက်ရေးလုပ်ငန်းကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တောင်ပိုင်းခရိုင်ရှိ ဒလ-တွံတေးလမ်းပိုင်း ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ဆောင်ရွက်နေမှုကို လည်းကောင်း၊ တွံတေးမြို့လမ်း၊ တံတားဖွံ့ဖြိုးမှု အခြေအနေများကို လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်