Skip to main content

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပထမအကြိမ် စုပေါင်းဒုလ္လဘ ရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ

နေပြည်တော် မေ ၇

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပထမအကြိမ် စုပေါင်းဒုလ္လဘ ရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ်အလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့တွင် သီရိဂန္ဓမာသပြေအေး မိုးကုတ် ဝိပဿနာကျောင်းတိုက်၌ကျင်းပရာ နိုင်ငံတော် ကောင်စီဝင်များနှင့်ဇနီးများ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့်ဇနီး ဒေါ်ကြည်ကြည်မေ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ရှင်လောင်းလှည့်

စုပေါင်းရဟန်းခံ ပထမနေ့ မေ ၆ ရက်တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရုံးအမှတ် (၁၆)မှစတင်၍ ရှင်လောင်းလှည့်ယာဉ်တန်း ထွက်ခွာလှည့်လည်ခဲ့ပြီး ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးအား ဦးခိုက်၍ လက်ယာရစ်ပူဇော်ခဲ့ကြသည်။ ယင်းနောက် သီရိဂန္ဓမာသပြေအေး မိုးကုတ်ဝိပဿနာကျောင်းတိုက် ဆွမ်းစားဆောင်၌ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြပြီး ကြွရောက်လာသည့် ဧည့်ပရိသတ်များအား နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးသည်။

မွန်းလွဲပိုင်းတွင် မင်္ဂလာဘိသိက်သွန်းခြင်း အခမ်းအနားကို ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် မောင်ရှင်လောင်းများ၊ ဧည့်ပရိသတ်များ တက်ရောက်ကြပြီး ယဉ်ကျေးမှု မင်္ဂလာဘိသိက်အဖွဲ့မှ မင်္ဂလာဘိသိက်သွန်းခြင်း အခမ်းအနားပြုလုပ်သည်။ ညပိုင်းတွင် ယဉ်ကျေးမှု မြန်မာဆိုင်းအဖွဲ့ဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြောင်း သိရသည်။

စုပေါင်းရဟန်းခံရှင်ပြု ဒုတိယနေ့ မေ ၇ ရက်တွင် ဥပသမ္ပဒကံဆောင်၍ ရဟန်းခံမင်္ဂလာပြုခြင်း၊ သိမ်ဝင်ခြင်းနှင့် သိမ်ဆင်းလောင်းခြင်းများ ဆောင်ရွက်ခဲ့ရာ ဥပဇ္ဈာယ်ဆရာတော် ဦးဂန္ဓမာလာ ဦးဆောင်၍ ရဟန်းဘောင်ဝင်မည့် သာမဏေများ မင်္ဂလာသိမ်တော်သို့ သိမ်ဝင်ခြင်း၊ သိမ်ဆင်းခြင်းများ ဆောင်ရွက်ကြသည်။ ထို့နောက် ဥပဇ္ဈာယ်ဆရာတော် ဦးဂန္ဓမာလာ ဦးဆောင်သော ရဟန်းများအား ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးနှင့် ပရိသတ်အပေါင်းတို့က လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပထမအကြိမ် စုပေါင်းရဟန်းခံရှင်ပြု အလှူတော် မင်္ဂလာအောင်မြင်ခြင်းအထိမ်းအမှတ် ယဉ်ကျေးမှုဆိုင်းအဖွဲ့မှ ဗြောခင်း၍ ပူဇော်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး အမှူးပြုသည့် အကြီးအကဲများက ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြသည်။ ထို့နောက် ဆရာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့သည်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် ပထမအကြိမ် ဝန်ထမ်းမိသားစုများ စုပေါင်းရဟန်းခံ၊ ရှင်ပြု အလှူတော်မင်္ဂလာတွင် ရှင်သာမဏေ ၁၀ ပါး၊ ဒုလ္လဘရဟန်း ၇၉ ပါးနှင့် သီလရှင် ၁၉ ပါးတို့အား သာသနာ့ဘောင်သို့ သွတ်သွင်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်