နေပြည်တော် မေ ၇
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီံမံခန့်ခွဲမှုဖြင့် ရန်ကုန်မြောက်ပိုင်းခရိုင် သစ်တောဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ တရားမဝင် ကျွန်းပါကေး အကြမ်းတုံး ၂ ဒသမ ၃၀၂၀ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၉၀,၆၀၀)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် မော်တော်ယာဉ်နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)ကို လည်းကောင်း၊ တိုက်ကြီးမြို့နယ် ရန်ကုန်-ပြည်ကားလမ်း၊ မိုင်တိုင် ၅၁/၂ အနီး၌ တရားမဝင် ပျဉ်းကတိုးခွဲသား ၇ ဒသမ ၆၃၁၄ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၅၂၆,၂၈၀)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် NISSAN UD အမျိုးအစား ၁၀ ဘီး ကုန်တင်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅,၀၀၀,၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၇၇,၂၁၆,၈၈၀ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် မေ ၆ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ တာဝန်ကျ အကောက်ခွန်အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားခြင်းမရှိသော ဘက်ထရီအိုးနှင့် ဆက်စပ်ပစ္စည်းများ၊ အထည်အလိပ်များ၊ လူသုံးကုန်ပစ္စည်းများနှင့် အလှကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၅,၂၃၂,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် မေ ၇ ရက်တွင် ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျ အကောက်ခွန်အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ၁၂ ဘီး ကုန်တင်ယာဉ် တစ်စီးပေါ်တွင် တရားမဝင် တင်ဆောင်လာသော lipovitan-D အချိုရည်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၅၅၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၃၇/၀ အနီး၌ တရားမဝင် ပျဉ်းကတိုးခွဲသား ၀ ဒသမ ၇၀၅၀ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၁,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ မေ ၄ ရက်၊ ၆ ရက်နှင့် ၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၁ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၇,၁၃၉,၈၈၀)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်