Skip to main content

ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၉၃ ရာခိုင်နှုန်းကျော် လွှမ်းခြုံထားနိုင်

ပဲခူး မေ ၇

ပဲခူးတိုင်းဒေသကြီးအတွင်း ဧပြီလမှ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၀ ဒသမ ၁ ရာခိုင်နှုန်းသာရှိကြောင်း၊ တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လွှမ်းခြုံနိုင်မှု ၉၃ ရာခိုင်နှုန်းကျော် လွှမ်းခြုံထားနိုင်ပြီး ဦးတည်အုပ်စုအလိုက် ရာနှုန်းပြည့် လွှမ်းခြုံနိုင်ရေး ဆက်လက်ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောကြားသည်။

ယမန်နေ့ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ Online Zoom Meeting System ဖြင့် ကျင်းပသည့် တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၉/၂၀၂၂)တွင် ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆေးထိုးနှံရန် ကျန်ရှိသူများအနက် တိုင်းကျော်/ နယ်ကျော် သွားရောက်သူများကို ရောက်ရှိနေသည့် မြို့နယ်များနှင့် ချိတ်ဆက်၍ ကာကွယ်ဆေးထိုးနှံနိုင်ရေး ဆောင်ရွက်မှသာ တိုင်းဒေသကြီးအတွင်း ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူဦးရေ လျော့ကျသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက အသက်(၁၈)နှစ်အထက် ကာကွယ်ဆေး ထိုးနှံပြီးစီးမှုအခြေအနေနှင့် ဦးတည်အုပ်စုအလိုက် ၁၀၀ ရာခိုင်နှုန်း အပြည့်ထိုးနှံနိုင်ရေး ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးက တိုင်းကျော်/ နယ်ကျော် သွားရောက်သူများ၏ စာရင်းဇယား အချက်အလက်များအား ရောက်ရှိနေသည့် မြို့နယ်များနှင့် ချိတ်ဆက်၍ ကာကွယ်ဆေးထိုးနှံနိုင်ရေး ဆောင်ရွက်သွားရမည့် အခြေအနေများကို လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခိုင်ချိုက မြေပြင်ကွင်းဆင်း ကာကွယ်ဆေးထိုးနှံရာတွင် တပ်မတော် ဆေးတပ်ဖွဲ့များနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးသွားမည့် အခြေအနေများကို လည်းကောင်း အကြံပြုဆွေးနွေးကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားကြောင်း သိရသည်။

သတင်းစဉ်