Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ နွေရာသီအခြေခံ ဂျူဒိုအားကစား သင်တန်းဆင်းပွဲတက်ရောက် မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ

ရန်ကုန် မေ ၇

မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဖွင့်လှစ်သည့် ၂၀၂၂ ခုနှစ်၊ နွေရာသီအခြေခံ ဂျူဒိုအားကစား သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉)နာရီက ဦးဝိစာရလမ်း အမျိုးသားရေကူးကန်ဝင်းအတွင်းရှိ မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်ရုံး၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ယခုကဲ့သို့ နွေရာသီတွင် အချိန်ကိုအကျိုးရှိရှိ အသုံးချရင်း မိမိဝါသနာပါသည့် အားကစားကို ကျွမ်းကျင်အောင် ပြုလုပ်၍ အားကစားဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည်အထိ ကြိုးစားစေလိုကြောင်း၊ မိမိဝါသနာပါသော အားကစားနည်းကို လေ့လာလိုက်စားရာမှ နိုင်ငံကိုယ်စားပြုအဆင့်သို့ ရောက်ရှိပြီဆိုလျင် ဂုဏ်ယူဝမ်းမြောက်ဖွယ် ကိစ္စရပ်ဖြစ်သည့်အတွက် အားကစားဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည်အထိ ကြိုးစားသွားရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်းက သင်တန်းသား သင်တန်းသူများ ကျွမ်းကျင်မှုအဆင့်အလိုက် ခါးစည်းအဆင့်များ ပေးအပ်သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအား/ ကာဆပ်ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်က သင်တန်းဆရာများနှင့် သင်တန်းသား/ သင်တန်းသူများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဂျူဒိုဆပ်ကော်မတီဥက္ကဋ္ဌ ဦးမင်းဇော်ထွန်းက နွေရာသီသင်တန်း ဝတ်စုံများပေးအပ်ပြီး မြန်မာနိုင်ငံဂျုဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်းက ထူးချွန်ဆုရ သင်တန်းသား မောင်ခိုင်ခန့်နှင့် မသီရီနိုင်တို့ကို ဂုဏ်ပြုဆုငွေချီးမြှင့်၍ နွေရာသီ သင်တန်းသား သင်တန်းသူများ စုပေါင်း၍ အခြေခံနည်းစနစ်များ သရုပ်ပြသသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အမျိုးသားရေကူးကန်ရှိ မြန်မာနိုင်ငံ စားပွဲတင်တင်းနစ် အဖွဲ့ချုပ်သို့ ရောက်ရှိ၍ အားကစားခန်းမအတွင်း အားကစားသမားများ၏ လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးပြီး အမျိုးသားရေကူးကန်၌ အုတ်တံတိုင်းကာရံမှု၊ ရေကူးကန် သန့်ရှင်းသာယာရေးနှင့် အများပြည်သူ ရေလာကူးသည့် အချိန်တွင် စိတ်ချမ်းမြေ့ပျော်ရွှင်စွာ ရှိစေရေးတို့အတွက် အလေးထား ဆောင်ရွက်ပေးရန် တာဝန်ရှိသူများကို မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် လမ်းမတော်မြို့နယ် ကျုံကြီးလမ်း ကြက်တောင်ရုံသို့ ရောက်ရှိပြီး ကြက်တောင်ရုံအတွင်း အားကစားသမားများ လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မင်္ဂလာတောင်ညွန့်မြိုနယ်၊ သိမ်ဖြူတင်းနစ်ကွင်းရှိ မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ်သို့ရောက်ရှိလာပြီး အားကစားကွင်း၊ ပွဲကြည့်စင်၊ ဝန်ထမ်းအိမ်ရာများနှင့် ရုံးခန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသန်းလွင်၊ အမှုဆောင်များနှင့် တွေ့ဆုံဆွေးနွေးသည်။

ထိုနောက် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ရန်ကုန်မြင်းစီးအသင်းသို့ ရောက်ရှိပြီး မြန်မာနိုင်ငံ မြင်းစီးအဖွဲ့ချုပ်နှင့် ရန်ကုန်မြင်းစီးအသင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးကာ လေ့ကျင့်ရေးကွင်းကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)ကျိုက္ကဆံကွင်းသို့ ရောက်ရှိပြီး စားရိပ်သာ၊ မီးဖိုဆောင်၊ တန်းစီကွင်းနှင့် အမျိုးသား/ အမျိုးသမီး (၄)ထပ်အိပ်ဆောင် သစ်ဆောက်လုပ်မည့် မြေနေရာများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်