Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ ကျင်းပသည့် မြန်မာနိုင်ငံသို့ အာဆီယံ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးဆိုင်ရာ အစည်းအဝေးသို့ တက်ရောက်

နေပြည်တော် မေ ၆

AHA Centre မှတစ်ဆင့် လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့(Task Force) ဥက္ကဋ္ဌ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်၍ မြန်မာလုပ်ငန်းအဖွဲ့အဖွဲ့ဝင်များ ဖြစ်ကြသည့် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ ပါဝင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ ယနေ့တွင် ကျင်းပခဲ့သော မြန်မာနိုင်ငံသို့ အာဆီယံ၏ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်ရေးဆိုင်ရာ အစည်းအဝေး (Consultative Meeting on ASEAN Humanitarian Assistance to Myanmar) သို့ တက်ရောက်သည်။

အစည်းအဝေးတွင်အာဆီယံ ဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် ဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Prak Sokhonn နှင့် အာဆီယံလူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးဖြစ်သည့် အာဆီယံအတွင်းရေးမှူးချုပ် H.E. Dato Lim Jock Hoi တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြသည်။

အစည်းအဝေးသို့ ဖနောင်ပင်မြို့ အခြေစိုက်အာဆီယံသံရုံးများမှ သံရုံးအကြီးအကဲများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အာဆီယံ၏ ပြင်ပမိတ်ဖက်နိုင်ငံများနှင့် AHA Centre တို့မှ ကိုယ်စားလှယ်များ တက်ရောက် ကြသည်။

အစည်းအဝေးတွင် “မည်သူ့ကိုမျှ ချန်လှပ်ထားမှုမရှိရေး” မူဖြင့် မြန်မာနိုင်ငံသို့ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ရေးနှင့် လူသားချင်း စာနာထောက်ထားမှုအကူအညီများ ပေးအပ်ရာတွင် ကြုံတွေ့ရသည့် စိန်ခေါ်မှုများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံ အတွင်းအထူးသဖြင့် ရောက်ရှိရန် ခက်ခဲသော ဒေသများ၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေးဆိုင်ရာ မူဘောင်အကောင်အထည်ဖော်ရေးအပေါ် ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင်မြန်မာ နိုင်ငံလုပ်ငန်းအဖွဲ့က အမှန်တကယ် လိုအပ်နေသူများထံ အာဆီယံ၏ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ဖြန့်ဖြူးရေးအစီအစဉ် အကောင်အထည် ဖော်ရေးကို ကြိုဆိုခဲ့သည်။

ပံ့ပိုးကူညီသွားရေး

ထို့ပြင်အစည်းအဝေးတွင် မြန်မာလုပ်ငန်းအဖွဲ့၊ အာဆီယံ အဖွဲ့ဝင်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် AHA Centre တို့အနေဖြင့် အာဆီယံခေါင်းဆောင်များ အစည်းအဝေး၏ တူညီဆန္ဒ ငါးချက်ပါ စတုတ္ထအချက်တွင် ပါဝင်သည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်ရေး အပိုင်း (၂) ကို မြန်ဆန်ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ပံ့ပိုးကူညီသွားရေး ကတိကဝတ်ကို ထပ်လောင်းအတည်ပြုပြော ကြားခဲ့ကြပြီး လူသားချင်းစာနာ ထောက်ထားသည့် အကူအညီများ အမြန်ဆုံး ဆက်လက်ပေးအပ်နိုင်ရေးအတွက် ရှေ့ပြေးစီမံကိန်း (Pilot Project) များဖြင့် နှစ်ဖက်သဘောတူညီမှု ရရှိသည့် ဒေသများတွင် ဆောင်ရွက်သွားမည့် ကိစ္စကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်