ဟားခါး မတ် ၁၄
ချင်းပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနက စီစဉ်ကျင်းပသည့် ချင်းပြည်နယ်လူငယ်ရေးရာကော်မတီ၏ လူငယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၀)ကို ယမန်နေ့နံနက် ၉ နာရီခွဲ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဟားခါးခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ပြည်နယ်နှင့် မြို့နယ် လူငယ်ရေးရာကော်မတီဝင်များ၊ အရပ်ဖက် လူမှုအဖွဲ့အစည်း အသီးသီးတို့မှ ဖိတ်ကြားထားသူများ တက်ရောက် ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်လူငယ်ရေးရာကော်မတီဒုတိယဥက္ကဋ္ဌ ပြည်နယ်လူမှု ဝန်ထမ်း ဦးစီးဌာန ညွန်ကြားရေးမှူး ဦးအေးမင်းညွှန့်က လူငယ်ရေးရာဆိုင်ရာလုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်ပြီး တက်ရောက်လာကြသူများက ဒေသနှင့် ကိုက်ညီသည့် လူငယ်ရေးရာမူဝါဒများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ လူငယ်ရေးရာကော်မတီ၏ လုပ်ငန်းများ အားကောင်းလာစေရေး၊ ချင်းပြည်နယ်အတွင်းရှိ လူငယ်များအားလုံးအနေဖြင့် ချမှတ်ထားသော လူငယ်ရေးရာမူဝါဒများကို သိရှိပြီး ပူးပေါင်းပါဝင်ဆောင်ရွက်လာနိုင်စေရေးတို့နှင့် လတ်တလော ဖြေရှင်းဆောင်ရွက်ရမည့် ပြဿနာများကို ကဏ္ဍအလိုက် ဆွေးနွေးကာ ရရှိလာသော ဆွေးနွေးမှုများအပေါ် မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။
ဆလိုင်း(ပြန်/ဆက်)