Skip to main content

မွန်ပြည်နယ်၏ လယ်ယာကုန်ထုတ်လုပ်မှု ပိုမိုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

နေပြည်တော် မေ ၄

နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေးနှင့် လယ်ယာကဏ္ဍဆိုင်ရာပို့ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး အတွက် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ နည်းပညာအသိပညာဖြန့်ဝေခြင်းနှင့် ဝန်ဆောင်မှုများကို အဓိကတာဝန်ယူထားသည့် မိမိတို့ဝန်ကြီးဌာနရှိ နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေစည်းမျဉ်း စည်းကမ်းများကို တိကျစွာလိုက်နာလျက် မိမိတို့ တာဝန်ယူထားကြသည့် သက်ဆိုင်ရာ ကဏ္ဍများအလိုက် တာဝန်ကျေပွန်စွာဖြင့် လုပ်ငန်းများထိရောက်အောင်မြင်ရေး ကြိုးပမ်းကြစေလိုကြောင်း၊ ယမန်နေ့ မွန်းလွဲပိုင်းက မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက တောင်သူလယ်သမားများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ လိုအပ်ချက် များအပေါ် တည်ဆဲ ဥပဒေများနှင့်အညီ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန အသီးသီး၏ စွမ်းဆောင်ရည်တိုးတက်စေရေးနှင့် နိုင်ငံ့ဝန်ထမ်းများ၏ သက်သာချောင်ချိရေးဆိုင်ရာများကို သက်ဆိုင်သူများနှင့် တွေ့ဆုံဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် မော်လမြိုင်မြို့ ရွှေနတ်တောင်ဆည်၏ ရေသိုလှောင်ထိန်းသိမ်း ထားရှိမှုနှင့် ဒေသသောက်သုံးရေ အကျိုးပြုနေမှု၊ နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းနှင့် လေယာဉ်ကွင်းသစ် တည်ဆောက်ရေး စီမံကိန်း ဆောင်ရွက်ရာတွင် စီမံကိန်းဧရိယာနှင့် မလွတ်ကင်းသည့်ချောင်းနှင့် တူးမြောင်းများရေလမ်းကြောင်း လွှဲခြင်းလုပ်ငန်းများကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ရွှေနတ်တောင်ဆည်မှ သောက်သုံးရေ ဖူလုံစွာပေးဝေနိုင်ရေး၊ နွေစပါးရေပေးဝေနိုင်ရေး၊ ရေလှောင်ပမာဏ တိုးမြှင့်နိုင်ရေးတို့အတွက် စီမံချက်ရေးဆွဲတင်ပြရန် ကိစ္စရပ်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

အလားတူ ပုဂ္ဂလိကအအေးခန်းစက်ရုံသို့ သွားရောက်၍ ငါးပုတ်သင်၊ ငါးမုတ်များ GACC ၏ စည်းကမ်း သတ်မှတ်ချက်နှင့်အညီ ထုတ်လုပ်နေမှု၊ သိုလှောင်ထားရှိမှုနှင့် တင်ပို့မှုများကို ကြည့်ရှုစစ်ဆေးပြီး ကုန်ကြမ်းများရရှိရေး၊ ဈေးကွက်တိုးချဲ့ရေးဆိုင်ရာ ကိစ္စရပ်များကို ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်