Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း Myancopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်အသုံးပြုထိုးနှံနေမှုများ ကြည့်ရှုအားပေး

နေပြည်တော် မေ ၄

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ခုတင်(၅၀)ဆံ့ ဇဗ္ဗူသီရိဆေးရုံ၌ Myancopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုများကို ကြည့်ရှု အားပေးပြီး လာရောက်ထိုးနှံနေသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ကျန်းမာရေးဝန်ကြီးဌာနသည် စက်မှုဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆေးဝါးစက်ရုံတွင် Ready to fill (RTF) စနစ်ဖြင့် ထုတ်လုပ်သည့် Myancopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဧပြီ ၂၉ ရက်တွင် (၆)သိန်း doses နှင့် ၃၀ ရက်တွင် (၄)သိန်း doses၊ စုစုပေါင်း (၁)သန်း doses ကို လွှဲပြောင်းလက်ခံရရှိခဲ့ပြီးဖြစ်၍ Myancopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို သတ်မှတ် ဦးတည်အုပ်စုများအတွင်း စတင်အသုံးပြုထိုးနှံလျက်ရှိသည်။ Myancopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးသည် စက်မှုဝန်ကြီးဌာနအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Sinopharm China National Biotec Group (Sinopharm CNBG) နှင့် ပူးပေါင်း၍ ထုပ်ပိုးထုတ်လုပ်ထားခြင်း ဖြစ်ပြီး အသက် ၅ နှစ်အရွယ်မှ စတင်ထိုးနှံနိုင်ပြီး ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များကိုပါ ဘေးကင်းစိတ်ချစွာ ထိုးနှံနိုင်သည့် ကာကွယ်ဆေးဖြစ်သည်။ ထို့အပြင် အသက် ၁၈ နှစ်နှင့်အထက် မိဘပြည်သူများကို ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) အဖြစ်လည်း ဘေးကင်းစိတ်ချစွာ အသုံးပြုထိုးနှံနိုင်ကြောင်း သိရသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ခုတင်(၅၀)ဆံ့ ဇမ္ဗူသီရိမြို့နယ်ဆေးရုံ ဝင်းအတွင်းရှိ အရေးပေါ် အသက်ကယ်သင်တန်းကျောင်း (Emergency Medical Services Training Centre) သို့ သွားရောက်၍ သင်တန်းခန်းမများနှင့် သင်ထောက်ကူပစ္စည်းများ ပြင်ဆင်ထားသည့်အခြေအနေ၊ အရေးပေါ်အသက်ကယ်သင်တန်းများအပြင် အခြားပြည်သူ့ ကျန်းမာရေး၊ ကုသရေးဆိုင်ရာ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ တိုးတက်ရရှိစေရေးအတွက် သင်တန်းများ တိုးချဲ့ ဖွင့်လှစ်နိုင်မည့် အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) သို့သွားရောက်၍ အဆိုပါ ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ဆေးရုံအုပ်ကြီးနှင့် ပါမောက္ခများ၊ တာဝန်ခံ အထူးကုဆရာဝန်ကြီးများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပြည်သူ့ဆေးရုံများသည် ပြည်သူများ အဓိက မှီခိုအားထားနေရသည့် ဆေးရုံများဖြစ်ပါ၍ အရေးပေါ်နှင့် ပုံမှန်ဆေးကုသရေးလုပ်ငန်းများကို အဆင့်မြှင့်တင်၍ ထိရောက်စွာကုသပေးနိုင်စေရေး ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် အရေးပေါ်ကျန်းမာရေးအခြေအနေများဖြစ်သည့် အစာအိမ်သွေးကြောပေါက်ခြင်း၊ ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်ခြင်း၊ နှလုံးသွေးကြောပိတ်ခြင်းစသည်တို့မှာ အချိန်မီ အရေးပေါ်ကုသစောင့်ရှောက်မှုများ ရရှိပါက လူနာများ၏အသက်ကို ကောင်းမွန်စွာ ကယ်တင် ကုသပေးနိုင်မည်ဖြစ်ပါကြောင်း၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) သည် မကွေးဆေးတက္ကသိုလ်၏ တွဲဖက်သင်ကြားရေး ဆေးရုံကြီးဖြစ်သော်လည်း မကြာမီ အဓိက သင်ကြားရေး ဆေးရုံကြီးအဖြစ် တိုးမြှင့်ဆောင်ရွက်မည်ဖြစ်ပါ၍ တာဝန်ခံပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများအနေဖြင့် သင်ကြားရေး လုပ်ငန်းများကိုပါ တွဲဖက်ဆောင်ရွက်၍ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်များမွေးထုတ်ရာတွင် ပါဝင်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်းက နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) အား အဓိကသင်ကြား ရေးဆေးရုံကြီး အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်မည့်အစီအစဉ်ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဆေးရုံအုပ်ကြီး၊ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများနှင့် သူနာပြုဆရာမကြီးများက လုပ်ငန်းဆောင်ရွက်မှုနှင့် လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းမှာကြား ဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆီးချိုနှင့် နောက်ဆက်တွဲပြဿနာများကို တစ်နေရာတည်းတွင် ကြည့်ရှု စစ်ဆေး၍ကုသမှုပေးနိုင်သောဌာန (One Stop Diabetes Center) အတွင်းရှိ ဆီးချိုရောဂါနှင့်ဆက်စပ်၍ ဖြစ်ပွားသည့် မျက်စိရောဂါ၊ ခြေထောက်သွေးကြောနှင့် အာရုံကြောဆိုင်ရာရောဂါ၊ နှလုံးရောဂါစသည်တို့ကို စစ်ဆေးကုသပေးနိုင်သည့် အခြေအနေနှင့် လူနာများအနေဖြင့် ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသရာတွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်း ရခြင်းမရှိဘဲ ကုသနိုင်ရေးအတွက် လိုအပ်သည်များကို စီစဉ်ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နှလုံးသွေးကြောရောဂါကုသမှုဌာန (Cardiac Catheterization Lab) တွင် နှလုံး သွေးကြောချဲ့ကုသမှုဆောင်ရွက်နေခြင်းကို အားပေးကြည့်ရှု၍ နှလုံးရောဂါဆိုင်ရာကုသမှုများကို ယခုထက်ပိုမိုအဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များကို မှာကြားဖြည့်ဆည်းပေးကာ ဆေးရုံကြီးရှိ ကျန်းမာရေးဝန်ထမ်းများနှင့် လူနာ များကို ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)